၆။ အထိခိုက်မခံတဲ့ သတင်း အချက်အလက်များ ဖျက်ဆီးနည်း

မာတိကာ

...Loading Table of Contents...

    ပြီးခဲ့တဲ့ အခန်းတွေမှာ အထိခိုက်မခံတဲ့ ဒေတာတွေကို ကာကွယ်ရာမှာ အထောက်အကူပြုတဲ့ ကိရိယာတွေနဲ့ လုပ်ဆောင်ရမဲ့အချက် အတော်များများကို ဆွေးနွေးခဲ့ကြပါတယ်၊ ဒါပေမဲ့ အချက်အလက် တခုခုကို ဆက်လက် သိမ်းဆည်းစရာ မလိုအပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် ဘာဖြစ်သွားမလဲ။ ဥပမာအားဖြင့်၊ အကယ်လို့၊ စာဝှက်ထားတဲ့ ဖိုင်တခုခုရဲ့ Backup ကော်ပီပွားတွေကို ထားလိုက်တာနဲ့ လုံလောက်နေပြီလို့ ဆုံးဖြတ်လိုက်ပြီး၊ မူရင်းကို ပယ်ဖျက်လိုရင်၊ အကောင်းဆုံးနည်းက ဘာလဲ။ အဖြေဟာ ထင်ထားတာထက် ပိုရှုပ်ထွေးနိုင်ပါတယ်။ ဖိုင်တခုကို ဖျက်လိုက်တဲ့အခါ၊ အမှိုက်ပုံး (Recycle bin) ထဲကို ပစ်ထည့်ပြီးတဲ့နောက်မှာလည်း၊ အဲဒီ ဖိုင် အကြောင်းအရာတွေဟာ hard drive ထဲမှာ ကျန်ရှိနေသေးပြီး အဲဒါကို သင့်တော်တဲ့ ကိရိယာတွေနဲ့ ပြန်ဖော်လို့ ရတယ်။ ပယ်ဖျက်ခဲ့တဲ့ သတင်း အချက်အလက်တွေဟာ မဆိုင်သူတွေဆီ ရောက်မသွားအောင်၊ ဒေတာတွေကို လုံလုံခြုံခြုံ အမြဲတမ်း ဖယ်ရှားပေးနိုင်တဲ့ အထူး ဆော့ဗ်ဝဲကို အသုံးပြုဖို့ လိုတယ်။ Eraser ဟာ အဲဒီလို ကိရိယာမျိုး ဖြစ်ပြီး၊ အောက်မှာ အသေးစိတ် ရှင်းပြထားပါတယ်။Eraser ကို အသုံးပြုတာဟာ - စာရွတ်တရွက်ကို သူများ မတွေ့အောင် အမှိုက်ပုံးထဲ ရိုးရိုးလေး ပစ်ထည့်လိုက်သလိုမျိုး မဟုတ်ပဲ - နုပ်နုပ်စဉ်း ဖျက်ဆီးပစ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ဖိုင်တွေကို ဖျက်ဆီးပစ်တာဟာ အထိခိုက်မခံတဲ့ ဒေတာတွေကို ဖျက်ဆီးနိုင်တဲ့ ဥပမာ တခုပဲ ဖြစ်ပါတယ်။

    အကယ်လို့ တယောက်ယောက်က၊ အထူးသဖြင့် အာဏာရှိတဲ့သူ၊ နိုင်ငံရေး ပြိုင်ဘက် တဦးဦးက သင် ဖျက်ဆီးလိုက်ပြီ ထင်တဲ့ ဖိုင်တချို့ကို ဖတ်ရှုလိုက်ခြင်းဖြင့် သင့်အကြောင်း (သို့) သင့် အဖွဲ့အစည်း အကြောင်းကို သိသွားနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေရင်၊ ရက်လွန်သွားတဲ့ Backup တွေကို ဖျက်ဆီးပစ်လိုက်တာတို့၊ ဟောင်းနွမ်းတဲ့ hard drive တွေကို သူများကို မပေးခင် ရှင်းလင်း(Wiping)ပစ်တာတို့၊ သုံးစွဲသူ အကောင့် အဟောင်းတွေကို ဖျက်ပစ်တာတို့ အပြင်၊ ဥပမာအားဖြင့် - ကွန်ရက် ကြည့်ရှုမှု မှတ်တမ်းကို အမြဲတမ်း ရှင်းလင်းပေးနိုင်တဲ့ တခြား နည်းလမးတွေကို စဉ်းစားရမှာ ဖြစ်တယ်။ ဒီအခန်းမှာ ဖော်ပြထားတဲ့ ကိရိယာ တခု ဖြစ်တဲ့ CCleaner ဟာ operating system နဲ့ applications တွေကို အသုံးပြုတဲ့အချိန်တိုင်း အလိုအလျှောက် ဖန်တီးလေ့ရှိတဲ့ ယာယီဖိုင် အတော်များများကို ပယ်ဖျက်ပေးနိုင်ပါတယ်။

    နောက်ခံ ဇာတ်လမ်း -

    အယ်လင်နာဟာ ရုရှား စကားပြောတဲ့ နိုင်ငံတနိုင်ငံမှာ သဘာဝ ထိန်းသိမ်းရေး အဖွဲ့ဝင် တဦးဖြစ်ပြီး၊ အဲဒီဒေသတွင်းက တရားမဝင် သစ်ပင် ခုတ်ထွင်မှု အနေအထားကို အသားပေးပြီး ဖေါ်ပြတဲ့ လူသိများလာတဲ့ ကွန်ရက် စာမျက်နှာ တခုကို စီမံထိန်းသိမ်းနေသူ ဖြစ်တယ်။ သူမဟာ ကွန်ရက် စာမျက်နှာကို တည်ဆောက်တဲ့ နေရာမှာ သုံးဖို့ Backup တခုကို ဖန်တီးခဲ့ပြီး၊ မိတ္တူပွားတွေကို အိမ်မှာ ဖြစ်စေ၊ ရုံးမှာ ဖြစ်စေ၊ သူမရဲ့ လက်ဆွဲ ကွန်ပျူတာထဲမှာ ဖြစ်စေ သိမ်းဆည်းထားတယ်။ လောလောဆယ်မှာ၊ သူမဟာ webserver မှာ ရှိတဲ့ ဧည့်မှတ်တမ်းတွေနဲ့ သုံးစွဲသူတွေရဲ့ ဖိုရမ် တင်ပို့ချက်တွေပါတဲ့ မိတ္တူပွား တခုကိုလည်း စပြီး သိမ်းဆည်းနေတယ်။ အယ်လင်နာဟာ သဘာဝ ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ကြီးမှုးကျင်းပတဲ့ ကြီးကျယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ညီလာခံ တခုကို တက်ရောက်ဖို့ မကြာမီ နိုင်ငံတကာကို လည်ပတ်သွားမှာ ဖြစ်တယ်၊ နယ်စပ် ဖြတ်ကျော်လာတဲ့ အချိန်မှာ တက်ရောက်လာသူ တချို့ရဲ့ လက်ဆွဲ ကွန်ပျူတာတွေကို တနာရီကျော် ထိန်းသိမ်းခံထားလေ့ ရှိတဲ့အကြောင်း သတင်းရခဲ့တယ်။ သူမရဲ့ အထိခိုက်မခံတဲ့ အချက်အလက်တွေနဲ့၊ သူမရဲ့ နိုင်ငံရေး စကားဝိုင်းကို တက်ရောက်လာသူတွေရဲ့ လုံခြုံရေးကို အကာအကွယ် ပေးဖို့၊ သူမရဲ့ အိမ်နဲ့ ရုံးမှာ ထားရှိတဲ့ Backup တွေကို TrueCrypt Volume တခုထဲမှာ ပြောင်းရွှေ့လိုက်ပြီး သူမ လက်စွဲ ကွန်ပျူတာထဲက မိတ္တူကို ဖယ်ရှားပစ်လိုက်တယ်။ သူမရဲ့ တူလေး နီဂိုလိုင်ဆီ အကြံအဉာဏ်ကို တောင်းလိုက်တဲ့အခါ၊ တူလေးက အကယ်၍ သူမရဲ့ ကွန်ပျူတာကို နယ်စပ် အရာရှိတွေက ဖမ်းဆီးမှာကို စိုးရိမ်နေရင်၊ သူမရဲ့ Backup အဟောင်းကို ဖျက်ပစ်ရုံမက ဒီထက် ပိုပြီး လုံခြုံအောင် လုပ်သင့်တဲ့ အကြောင်း သတိပေးလိုက်တယ်။

    ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ

    • ကွန်ပျူတာထဲမှ အထိခိုက်မခံတဲ့ အချက်အလက်များကို အမြဲတမ်း ဖယ်ရှားနည်း
    • CDs တွေနဲ့ USB မှတ်ဉာဏ်ချောင်းတွေ စတဲ့ ဖြုတ်တပ်လို့ ရတဲ့ ဖိုင်သိမ်းဆည်းရေး ကိရိယာတွေထဲက သတင်း အချက်အလက်ကို ဖယ်ရှားနည်း
    • ကွန်ပျူတာထဲမှာ မကြာသေးခင်က ကြည့်ရှုခဲ့တဲ့ စာတွေကို အခြား တယောက်ယောက်က မသိရှိအောင် တားဆီးနည်း
    • ဖျက်ပစ်လိုက်တဲ့ ဖိုင်တွေကို နောင်တချိန်မှာ ပြန်ဆယ်တင်လို့ မရအောင် ကွန်ပျူတာကို စီမံထိန်းသိမ်းနည်း

    သတင်း အချက်အလက်များ ပယ်ဖျက်ခြင်း

    ရိုးရှင်းတဲ့ နည်းပညာဆိုင်ရာ ရှုထောင့်နဲ့ ကြည့်မယ်ဆိုရင်၊ ကွန်ပျူတာထဲမှာ လုံးလုံး ပယ်ဖျက်ပေးနိုင်တဲ့ delete function စနစ်မျိုး မရှိဘူး။ ဖိုင်တခုကို Recycle Bin ထဲကို ထည့်လိုက်ပြီး အဲဒါကို ရှင်းပစ်နိုင်တယ်၊ ဒါပေမဲ့ အမှန်တကယ်မှာ icon လေးကိုပဲ ရှင်းလိုက်တာဖြစ်တယ်၊ အဲဒီ ဖိုင်ရဲ့ အမည်ကို ကွန်ပျူတာထဲက လျှို့ဝှက် အညွှန်းတခု ထဲကနေ ဖယ်ရှားလိုက်တာပဲ ဖြစ်ပြီး၊ အဲဒီ လွတ်နေတဲ့နေရာကို တခြား ဖိုင်တခုခု ထားဖို့အတွက် အသုံးပြုနိုင်တဲ့အကြောင်း Windows ကို ပြောလိုက်တာပဲ ဖြစ်တယ်။ အဲဒီနေရာလွတ်ကို တကယ် အသုံးမပြုခင်၊ ပယ်ဖျက်ပြီးတဲ့ အချက်အလက်တွေဟာ အဲဒီနေရာမှာ ရှိနေအုံးမှာ ဖြစ်တယ်။ ဖိုင်တွေ ထည့်ထားတဲ့ ပုံးထဲက ဖိုင်တွေရဲ့ အမှတ်အသားတွေကို ဖယ်ရှားလိုက်ပေမဲ့ မူရင်းဖိုင်တွေ ရှိနေသေးတဲ့ ပုံစံပဲ ဖြစ်တယ်။ ဒါကြောင့်၊ အကယ်လို့ သင့်ဆီမှာ သင့်တော်တဲ့ ဆော့ဗ်ဝဲရှိပြီး ချက်ခြင်း အသုံးပြုနိုင်မယ် ဆိုရင်၊ အခန်း ၅။ ဆုံးရှုံးသွားတဲ့ သတင်း အချက်အလက်များ ပြန်ဆယ်နည်း ထဲမှာ ဆွေးနွေးထားတဲ့ အတိုင်း မတော်တဆ ဖျက်လိုက်တဲ့ အချက်အလက်တွေကို ပြန်ဆယ်တင်နိုင်မှာ ဖြစ်ပါတယ်။

    ကွန်ပျူတာကို အသုံးပြုတဲ့ အချိန်တိုင်းမှာ ဖိုင်တွေကို ဖန်တီးလိုက်ပြီး သင် မသိလိုက်ပဲ မလုံမခြုံ ပယ်ဖျက်လေ့ ရှိကြတာကို သတိပြုပါ။ ဥပမာ အနေနဲ့၊ အစီရင်ခံစာ အရှည်ကြီး တခုကို သင် ရေးနေတယ် ဆိုပါစို့။ အဲဒီအတွက် နေ့တိုင်း နာရီ အတော်ကြာ အချိန်ယူပြီး လုပ်နေတာ တပတ်ထိ ကြာသွားနိုင်ပါတယ်၊ အဲဒီ မှတ်တမ်းမှတ်ရာကို တပြိုင်ထဲ အမြဲတမ်း save လုပ်ပေးနေမယ်၊ Windows က မှတ်တမ်းမှတ်ရာရဲ့ ကော်ပီ အသစ်တခုကို ဖန်တီးပေးမှာ ဖြစ်ပြီး hard drive ထဲမှာ သိမ်းဆည်းနေမှာ ဖြစ်တယ်။ တည်းဖြတ်လိုက်ပြီး ရက်အနည်းငယ် အကြာမှာ၊ မှတ်တမ်းမှတ်ရာတွေဟာ ဗားရှင်း အမျိုးမျိုးနဲ့ သင် မသိလိုက်ပဲ ပြီးစီးသွားတဲ့ အနေအထားအမျိုးမျိုးနဲ့ save လုပ်နေမှာ ဖြစ်ပါတယ်။

    အများအားဖြင့် Windows ဟာ ဖိုင်တခုရဲ့ ဗားရှင်းအဟောင်းတွေကို ပယ်ဖျက်လေ့ရှိတာ မှန်ပေမဲ့၊ အသစ် တခု ရေးလာတဲ့အခါ အဲဒီ မူရင်းနေရာ အတိအကျမှာ overwrite လုပ်ဖို့ လိုက်ရှာနေတာ မဟုတ်ဘူး။ အဲဒီလို လုပ်မဲ့အစား၊ အပေါ်မှာ ဖေါ်ပြတဲ့အတိုင်း တင်စားထားတဲ့ ဖိုင်ထည့်တဲ့ ပုံး အခန်းအသစ် တခုထဲမှာ ဖိုင်ရဲ့ နောက်ဆုံး ဗားရှင်းကို ထည့်ထားပြီး၊ လေဘယ်လ် အမှတ်အသားကို အခန်းဟောင်းကနေ အခန်းသစ်ဆီ ပြောင်းသွားမှာ ဖြစ်တယ်။ အရင်က ဖိုင်အကြမ်း သိမ်းထားတဲ့ နေရာကိုတော့ တခြား ပရိုဂရမ်တွေက မသုံးမချင်း ဆက်ရှိနေအုံးမှာ ဖြစ်တယ်။ ရိုးရိုးရှင်းရှင်းနဲ့ ပြောရရင်၊ အဲဒီ မှတ်တမ်းမှတ်ရာရဲ့ ခြေရာတွေ အားလုံးကို ဖိုင်ထည့်တဲ့ ပုံးထဲကနေ ဖျက်ဆီးဖို့ အကြောင်း ဖန်လာတယ် ဆိုရင်၊ နောက်ဆုံး ဖိုင်ကော်ပီးကို ဖယ်ရှားလိုက်တာနဲ့ လုံလောက်မှာ မဟုတ်ဘူး။ လေဘယ်လ် အမှတ်အသားလေးကိုပဲ ရှင်းပစ်လိုက်တယ် ဆိုရင် ပိုဆိုးသွားမှာ ဖြစ်ပါတယ်။

    ကွန်ပျူတာ hard drive တွေဟာ ဒစ်ဂျစ်တယ် အချက်အလက်တွေကို သိမ်းထားပေးတဲ့ တခုတည်း ကိရိယာတွေ မဟုတ်တာကိုတော့ သတိပြုပါ။ CD တွေ၊ DVD တွေ၊ USB မှတ်ဉာဏ်ချောင်းတွေ၊ floppy disk တွေ၊ လက်ကိုင်ဖုန်းထဲက flash မှတ်ဉာဏ်ကဒ်လေးတွေနဲ့ ဖြုတ်တပ်လို့ရတဲ့ hard drive တွေ အားလုံးမှာ အလားတူ ပြဿနာတွေ ရှိကြတယ်၊ ဒါကြောင့် အဲဒီအထဲက အထိခိုက်မခံတဲ့ အချက်အလက်တွေကို ပယ်ဖျက်တာ၊ rewrite လုပ်တာတွေကို စိတ်ချလို့ မရပါဘူး။

    လုံခြုံတဲ့ ပယ်ဖျက်ရေး ကိရိယာများ သုံးပြီး သတင်း အချက်အလက်များ ရှင်းလင်းခြင်း

    ဒီအခန်းထဲမှာ အကြံပြုထားတဲ့ လုံခြုံ ပယ်ဖျက်ရေး ကိရိယာ တခုခုကို အသုံးပြုတယ် ဆိုရင်၊ အထိခိုက်မခံတဲ့ အချက်အလက်တွေကို ပယ်ရှားတယ် ဆိုတာထက်၊ အစားထိုးနေရတာ (သို့) overwrite လုပ်နေတာ ဆိုရင် ပိုပြီး မှန်နေလိမ့်မယ်။ အကယ်လို့ အပေါ်မှာ ဆွေးနွေးခဲ့တဲ့ ဖိုင်ထည့်တဲ့ ပုံးထဲက မှတ်တမ်းမှတ်ရာတွေကို ခဲတံနဲ့ ရေးလိုက်တယ် ဆိုရင်၊ လုံခြုံတဲ့ ပယ်ဖျက်ရေး ဆော့ဗ်ဝဲက ဖိုင်အကြောင်းအရာကိုပဲ ပယ်ဖျက်သွားမှာ မဟုတ်ပဲ၊ စာလုံးတိုင်းကို လျှောက်ခြစ်နေမှာ ဖြစ်ပါတယ်။ ခဲတံ အရေးအကြောင်းတွေလိုပဲ၊ ဒစ်ဂျစ်တယ် အချက်အလက်တွေကို ဖတ်လို့ ရပေမဲ့၊ အဲဒါကို ပယ်ဖျက်လိုက်ပြီး အပေါ်မှာ အခြား အကြောင်းအရာ တခုခုကို ထပ်ပြီး ရေးလိုက်တဲ့ နောက်မှာလည်း အတော်လေး မှိန်နေဦးမှာ ဖြစ်တယ်။ ဒါကြောင့် ဒီမှာ အကြံပြုထားတဲ့ ကိရိယာတွေကို အသုံးပြုပြီး ဖိုင်တွေထဲက ဒေတာကို ကျပန်းနည်းနဲ့ အကြိမ်ကြိမ် overwrite လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို ရှင်းပစ်ခြင်း လို့ခေါ်ပြီး၊ အချက်အလက်တွေကို အကြိမ် overwrite များများ လုပ်လေ၊ မူရင်း ဖိုင်အကြောင်းအရာကို ဆယ်တင်ဖို့ ခက်နေလေလေ ဖြစ်နေမှာ ဖြစ်တယ်။ စံသတ်မှတ်ချက်အရ overwrite လုပ်တာကို ခုနှစ်ကြိမ်ထက်မက လုပ်ဖို့ အကြံပြုထားတယ်။ ရှင်းပစ်တဲ့ ဆော့ဗ်ဝဲဟာ သင့်တော်တဲ့ အကြိမ် အရေအတွက်ကို အလိုအလျှောက် လုပ်ပေးသွားမှာ ဖြစ်တယ်၊ ဒါပေမဲ့ အရေအတွက်ကို နှစ်သက်သလို ပြောင်းလဲလို့ ရပါတယ်။

    ဖိုင်များကို ရှင်းပစ်ခြင်း

    အထိခိုက်မခံတဲ့ ဒေတာတွေကို hard drive (သို့) သိုလှောင်ရေး ကိရိယာထဲကနေ ပုံမှန် ရှင်းပစ်တဲ့ နည်းလမ်း နှစ်မျိုး ရှိတယ်။ ဖိုင်တခုခုကို ရှင်းပစ်လို့ရတယ် (သို့) drive ထဲမှာ 'သတ်မှတ်မထားတဲ့' နေရာ အားလုံးကို ရှင်းပစ်နိုင်တယ်။ ဒီဆုံးဖြတ်ချက်ကို ချမှတ်တဲ့အခါ၊ အစောပိုင်းတုန်းက အဆိုပြုထားတဲ့ တခြား ဖြစ်နိုင်ချေ ဥပမာကို စဉ်းစားမယ် ဆိုရင် အထောက်အကူ ဖြစ်လာစေနိုင်တယ်။ ရှည်လျားတဲ့ အစီရင်ခံစာ တခုကို ဖိုင်တပုဒ်အနေနဲ့ မြင်နေရပေမဲ့၊ hard drive နေရာအနှံ့မှာ မပြီးပြတ်သေးတဲ့ ကော်ပီတွေအဖြစ် ပြန့်ကြဲနေနိုင်တယ်။ အကယ်လို့ ဖိုင်ကို ရှင်းပစ်မယ် ဆိုရင်၊ လက်ရှိ ဖိုင် ဗားရှင်းကို လုံးဝ ဖယ်ရှားလိုက်နိုင်ကြောင်း အာမခံလို့ ရတယ်၊ ဒါပေမဲ့ တခြား ကော်ပီတွေကို သူတို့ ရှိနေတဲ့ နေရာပဲ ချန်ထားရမှာ ဖြစ်တယ်။ အမှန်တော့၊ အဲဒီ ကော်ပီဖိုင်တွေကို တိုက်ရိုက် ပစ်မှတ်ထားလို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကို အထူး ဆော့ဗ်ဝဲ မပါပဲ မြင်လို့ မရတဲ့အတွက် ဖြစ်တယ်။ သိုလှောင်ရေး ကိရိယာထဲက နေရာလပ်တွေ အားလုံးကို ရှင်းပစ်ခြင်း အားဖြင့်၊ အရင်က ပယ်ဖျက်လိုက်တဲ့ အချက်အလက်တွေကို ဖျက်ဆီးပစ်လိုက်နိုင်တယ်။ ခပ်ညံ့ညံ့ ရေးမှတ်ထားတဲ့ ဖိုင်ထည့်တဲ့ ပုံးအကြောင်း တင်စားချက်နဲ့ ပါတ်သက်ပြီး၊ ဒီလုပ်ငန်းစဉ်ဟာ ဖိုင်ထည့်တဲ့ပုံးထဲ ဝင်ရှာပြီး၊ အဲဒီ လေဘယ်လ် အမှတ်အသားတွေကို အဖျက်ခံလိုက်ရတဲ့ မှတ်တမ်းမှတ်ရာတွေ အားလုံးကို ပယ်ဖျက်ပစ်ဖို့ ထပ်ခါတလဲလဲ လျှောက်ခြစ်လိုက်တာနဲ့ ခိုင်းနှိုင်းလို့ ရပါတယ်။

    Eraser ဟာ အခမဲ့ဖြစ်ပြီး သုံးစွဲဖို့ အလွန် လွယ်ကူတဲ့ ပွင့်လင်းပြီး လုံခြုံမှုရှိတဲ့ ပယ်ဖျက်ရေး ကိရိယာ တခု ဖြစ်တယ်။ Eraser ကို အသုံးပြုပြီး ဖိုင်တွေကို နည်းလမ်း သုံးမျိုးဖြစ်တဲ့ - ဖိုင်တခုခုကို ရွေးခြင်း၊ Recycle Bin ထဲက အကြောင်းအရာတွေကို ရွေးခြင်း၊ (သို့) drive ထဲက အသုံးမပြုတဲ့ နေရာအားလုံးကို ရှင်းပစ်ခြင်း စတာတွေကို လုပ်ဆောင်နိုင်တယ်။ Eraser က အောက်မှာ ဆွေးနွေးသွားမဲ့ Windows swap ဖိုင် ဖိုင်အကြောင်းအရာတွေကိုလည်း ရှင်းပစ် နိုင်ပါတယ်။

    လက်ကမ်း စာစောင်များ - Eraser - လုံခြုံတဲ့ ဖိုင်ဖယ်ရှားရေး လမ်းညွှန် နဲ့ စတင်ပါ

    မြင်နိုင်တဲ့ ဖိုင်တွေကို သင်ကိုယ်တိုင် မရှင်းလင်းဘူး ဆိုရင် လုံခြုံတဲ့ ပယ်ဖျက်ရေး ကိရိယာတွေဟာ ဖျက်ဆီးပေးမှာ မဟုတ်ဘူး၊ ဒီလို ဆော့ဗ်ဝဲကို သတိထားပြီး သုံးစွဲဖို့ အရေးကြီးတယ်။ ပြီးတော့၊ မတော်တဆ ရှင်းလင်းပစ်တာမျိုးလည်း ရှိတယ်။ အဲဒါကြောင့် လူတွေက Recycle Bin နဲ့ ဒေတာ ဆယ်တင်ရေး ကိရိယာတွေကို အကျိုးရှိရှိ အသုံးချနေကြတာ ဖြစ်တယ်။ အကယ်လို့ ဖိုင်တခုခုကို ပယ်ဖျက်တဲ့အခါ ဒေတာတွေကို ရှင်းလင်းပစ်တဲ့ အလေ့အကျင့် ရှိနေရင်၊ သာမန် မှားယွင်းမှု တခုလေးကြောင့် ပြန်ဆယ်တင် (recover) နိုင်တဲ့ နည်းလမ်း မရှိတော့ဘူး။ ဒေတာ အတော်များများကို ကွန်ပျူတာ ထဲကနေ မရှင်းလင်းခင် လုံခြုံတဲ့ backup တခုခုကို အမြဲတမ်း လုပ်ထားပါ။

    အယ်လင်နာ - Microsoft Word နဲ့ Open Office တို့လို စာရေးတဲ့ ပရိုဂရမ်တွေကို အသုံးပြုပြီး ဖိုင်တခုခုကို ရေးနေတဲ့အခါ ယာယီဖိုင်တွေ ရှိနေတတ်တာကို ကျွန်တော် သိတယ်။ တခြား ပရိုဂရမ်တွေမှာလည်း အလားတူပါပဲ။ ကျွန်တော် ကိုယ်တိုင် ဖန်တီးခဲ့ပြီး ပယ်ဖျက်ခဲ့တဲ့ ဖိုင်တွေအတွက် စိတ်ပူနေဖို့ လိုသလား။

    နီကိုလိုင်း - တကယ်တမ်းတော့၊ ကွန်ပျူတာထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ အွန်လိုင်း လှုပ်ရှားမှုတွေကို ပရိုဂရမ်တွေက ခြေရာခံနိုင်မဲ့ နေရာတွေ အများကြီး ရှိတယ်။ ကြည့်ရှုနေတဲ့ ကွန်ရက် စာမျက်နှာတွေ၊ လောလောလတ်လတ် ရေးနေတဲ့ အီးမေးလ် စာကြမ်းတွေ (draft )နဲ့ တခြား အလားတူ အချက်တွေကို ပြောနေတာ ဖြစ်တယ်။ ကွန်ပျူတာကို ခဏခဏ အသုံးပြုနေတဲ့ အပေါ် မူတည်ပြီး ဒီအချက်တွေအားလုံးဟာ အထိခိုက်မခံ ဖြစ်နေနိုင်တယ်။

    ယာယီ ဒေတာများကို ရှင်းလင်းပစ်ခြင်း

    Drive တခုထဲက အသုံးမပြုသေးတဲ့ နေရာ အားလုံးကို Eraser အသုံးပြုပြီး ရှင်းလင်းပေးတဲ့ feature ဟာ ထင်ထားသလို အန္တရာယ် ရှိပုံ မပေါ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့၊ သူက အစောပိုင်းက ပယ်ဖျက်ခဲ့တဲ့ အကြောင်းအရာတွေကိုပဲ ရှင်းလင်းပေးတဲ့ အတွက် ဖြစ်တယ်။ သာမန်အနေနဲ့၊ မြင်နိုင်တဲ့ ဖိုင်တွေကို ထိခိုက်မှာ မဟုတ်ဘူး။ နောက်တမျိုး အနေနဲ့၊ ဒီအချက်က သီးခြား ကိစ္စတခုကို ထင်ရှားစေတယ် - Eraser ဟာ ပယ်ဖျက် မထားတဲ့ အထိခိုက်မခံတဲ့ အချက်အလက်တွေကို ရှင်းလင်းပေးနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါတွေကို ကောင်းကောင်း ဖျောက်ထားပေးနိုင်တယ်။ အဲဒီလို ဒေတာတွေပါတဲ့ ဖိုင်တွေဟာ မထင်မရှားနဲ့ ဖိုင်တွဲတွေထဲမှာ အောင်းနေနိုင်ပါတယ်၊ (သို့) အဓိပ္ပါယ်မရှိတဲ့ ဖိုင်နာမည်တခုခုနဲ့ ရှိနေနိုင်တယ်။ ဒါဟာ အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေအတွက် တကယ့် ပြဿနာ တခု မဟုတ်ပေမဲ့၊ ကွန်ပျူတာကို အသုံးပြုနေတဲ့ အချိန်တိုင်းမှာ အလိုအလျှောက် စုဆောင်းထားလေရှိတဲ့ အချက်အလက်တွေ အတွက်တော့ အလွန် အရေးကြီးတယ်။ ဥပမာတွေ အနေနဲ့ -

    • ယာယီ ဒေတာ (Temporary data) ဆိုတာ browser က မှတ်တမ်းတင်လိုက်တဲ့ ကွန်ရက် စာမျက်နှာတွေ ဖွင့်လာအချိန်မှာ အထဲမှာ ပါဝင်တဲ့ စာသား၊ ရုပ်ပုံတွေ၊ ကွတ်ကီး တွေ၊ အကောင့် အချက်အလက်တွေ၊ အွန်လိုင်း ဖြည့်စွတ်ပုံစံမှာ ဖြည့်လိုက်တဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေ၊ ကြည့်ရှုခဲ့တဲ့ ကွန်ရက် စာမျက်နှာတွေရဲ့ မှတ်တမ်း (history) ကို ဆိုလိုတယ်။
    • ယာယီဖိုင်များ (Temporary files) ဆိုတာ applications အမျိုးမျိုးကို အသုံးပြုပြီး လုပ်နေတဲ့ အလုပ်ကို save မလုပ်နိုင်ခင် ကွန်ပျူတာ ပျက်သွားတဲ့ အခြေအနေမျိုးမှာ ပြန်ဆယ်တင် (recover) ပေးနိုင်ဖို့ အထောက်အကူပေးတဲ့ ဖိုင်တွေ ဖြစ်တယ်။ အဲဒီဖိုင်တွေထဲမှာ စာသား၊ ရုပ်ပုံတွေ၊ စာရင်းတွက်ချက်မှု ဒေတာတွေနဲ့ တခြား အထိခိုက်မခံတဲ့ အချက်အလက်တွေ ပါဝင်တဲ့ တခြား ဖိုင်အမည်တွေ ပါဝင်နိုင်တယ်။
    • Windows က အဆင်ပြေဖို့အတွက် သိမ်းဆည်းပေးတဲ့ ဖိုင်တွေနဲ့ links တွေ ဖြစ်ကြတဲ့ - လတ်တလော အသုံးပြုနေတဲ့ applications တွေကို ချိတ်ဆက်ပေးတဲ့ shortcut တွေ၊ လျှို့ဝှက်ထားလိုတဲ့ ဖိုင်တွဲတွေကို ချိတ်ဆက်ပေးတဲ့ links တွေ၊ ရှင်းလင်းပစ်ဖို့ မေ့နေတတ်တဲ့ <b>Recycle Bin<b> ထဲက အကြောင်းအရာတွေ ပါဝင်တယ်။
    • Windows swap ဖိုင်။ ကွန်ပျူတာ မှတ်ဉာဏ် ပြည့်သွားတဲ့အခါ၊ ဥပမာ အားဖြင့်၊ ကွန်ပျူတာဟောင်း တလုံးထဲမှာ ပရိုဂရမ် အမျိုးမျိုးကို တချိန်ထဲ အသုံးပြုနေတဲ့အခါ၊ သုံးစွဲနေတဲ့ ဒေတာတွေကို Windows က swap ဖိုင် လို့ ခေါ်တဲ့ ဖိုင်ကြီးတခု အနေနဲ့ တခါတလေ သိမ်းထားပေးတတ်တယ်။ အဲဒီ ဖိုင်ထဲမှာ ကွန်ရက် စာမျက်နှာတွေ၊ မှတ်တမ်းမှတ်ရာ အကြောင်းအရာ၊ စကားဝှက်တွေ (သို့) စာဝှက်စနစ်ပါတဲ့ သော့တွေ ပါဝင်နေလိမ့်မယ်။ ကွန်ပျူတာကို ပိတ်သွားတဲ့ အချိန်မှာလည်း၊ အဲဒီ swap ဖိုင်ဟာ ပျောက်မသွားတဲ့အတွက်၊ သင် ကိုယ်တိုင် လက်နဲ့ ရှင်းလင်းပစ်ဖို့ လိုအပ်မှာ ဖြစ်တယ်။

    ပုံမှန် ယာယီဖိုင်တွေကို ကွန်ပျူတာထဲကနေ ဖယ်ရှားနိုင်ဖို့၊ CCleaner လို့ခေါ်တဲ့ အခမဲ့ ဆော့ဗ်ဝဲ ကိရိယာတခုကို အသုံးပြုနိုင်တယ်၊ အဲဒါကို Internet Explorer, Mozilla Firefox နဲ့ Microsoft Office applications (အများစုက အထိခိုက် မခံတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပေးနိုင်တယ်) တို့လို ဆော့ဗ်ဝဲတွေနဲ့ Windows ကိုယ်တိုင်ကို ရှင်းလင်းဖို့ ထုတ်လုပ်ထားတာ ဖြစ်တယ်။ CCleaner က ဖိုင်တွေကို လုံလုံခြုံခြုံ ပယ်ဖျက်ပေးနိုင်တယ်၊ ဒါကြောင့် အသုံးမပြုတဲ့ drive နေရာကို Eraser အသုံးပြုပြီး ရှင်းပစ်ရတဲ့ အလုပ်ကနေ သက်သာသွားမှာ ဖြစ်ပါတယ်။

    လက်ကမ်း စာစောင်များ - CCleaner CCleaner - ဖိုင် လုံလုံခြုံခြုံ ပယ်ဖျက်ခြင်းနဲ့ လုပ်ငန်း ရှင်းလင်းရေး လမ်းညွှန် နဲ့ စတင်ပါ

    လုံခြုံတဲ့ ဖယ်ရှင်းရေး ကိရိယာများ ထိရောက်စွာ သုံးစွဲနည်း သိကောင်းစရာများ

    ကွန်ပျူတာ (သို့) သိုလှောင်ရေး ကိရိယာထဲမှာ ရှိတဲ့ သတင်း အချက်အလက်တွေ - လုံးဝ ပယ်ဖျက်ဖို့ စီစဉ်နေတဲ့ အထိခိုက် မခံတဲ့ဖိုင်တွေ - ကို ဖေါ်ထုတ်နိုင်တဲ့ နည်းလမ်းတချို့နဲ့ အခု ရင်းနှီးသွားပြီ ဖြစ်ပါတယ်။ အဲဒီ သတင်း အချက်အလက်တွေကို အမြဲတမ်း ရှင်းလင်းတဲ့ နေရာမှာ အသုံးပြုတဲ့ ကိရိယာတွေကိုလည်း သင် သိပြီး ဖြစ်ပါတယ်။ အဲဒီ ကိရိယာတွေကို သင် ပထမဦးဆုံး အသုံးပြုနေတာ ဆိုရင်၊ သင့်ရဲ့ drive ဟာ လုံလုံခြုံခြုံနဲ့ ထိထိရောက်ရောက် ရှင်းလင်းသွားပြီ ဖြစ်ကြောင်း သေချာစေဖို့၊ သင် လိုက်နာရမဲ့ ရိုးရိုး အဆင့်လေးတွေ တချို့ ရှိပါတယ် -

    • အရေးကြီးတဲ့ ဖိုင်တွေကို စာဝှက်ထားတဲ့ backup တခုကို အခန်း ၅။ ဆုံးရှုံးသွားတဲ့ သတင်း အချက်အလက်များ ပြန်ဆယ်နည်း ထဲမှာ ဆွေးနွေးထားတဲ့အတိုင်း၊ ဖန်တီးလိုက်ပါ။
    • မလိုအပ်တဲ့ ပရိုဂရမ်တွေ အားလုံးကို ပိတ်ပြီး အင်တာနက်ကို ဖြတ်လိုက်ပါ။
    • မလိုအပ်တဲ့ ဖိုင်တွေကို သိုလှောင်ရေး ကိရိယာတွေထဲကနေ ပယ်ဖျက်လိုက်ပြီး၊ Recycle Bin ကို ရှင်းပစ်လိုက်ပါ။
    • CCleaner ကို သုံးပြီး ယာယီဖိုင်တွေကို ရှင်းလင်းလိုက်ပါ။
    • Eraser ကို သုံးပြီး Windows swap ဖိုင် ကို ရှင်းလင်းလိုက်ပါ။
    • ကွန်ပျူတာထဲက နေရာလွတ်တွေနဲ့ တခြား သိုလှောင်ရေး ကိရိယာတွေ အားလုံးကို Eraser နဲ့ ရှင်းလင်းလိုက်ပါ။ ဒီနေရာမှာ အချိန် အတော်လေး ယူနိုင်တဲ့အတွက်၊ ဒီအလုပ်ကို တညလုံး လုပ်ရနိုင်ပါတယ်။

    အဲဒီနောက် အောက်က အချက်တွေကို လုပ်တဲ့ အလေ့အကျင့်တွေ လုပ်ပေးပါ -

    • CCleaner ကို သုံးပြီး ယာယီဖိုင်တွေကို ပုံမှန် ရှင်းလင်းလိုက်ပါ
    • Recycle Bin (သို့) Windows Windows ပယ်ဖျက်ရေး ကိရိယာကို သုံးမဲ့အစား၊ Eraser နဲ့ အထိခိုက်မခံတဲ့ အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေကို ရှင်းလင်းလိုက်ပါ
    • Eraser ကို သုံးပြီး Windows swap ဖိုင်ကို ပုံမှန်ရှင်းလင်းလိုက်ပါ
    • Eraser ကို သုံးပြီး hard drive တွေ၊ USB မှတ်ဉာဏ်ချောင်းတွေနဲ့၊ လတ်တလော ပယ်ဖျက်လိုက်တဲ့ အထိခိုက် မခံတဲ့ အချက်အလက်တွေ ပါရှိနိုင်တဲ့ တခြား သိုလှောင်ရေး ကိရိယာတွေထဲက အသုံးမပြုတဲ့ နေရာအားလုံးကို ရှင်းလင်းလိုက်ပါ။ ဒီအထဲမှာ floppy disk တွေ၊ rewritable CD တွေ၊ rewritable DVD တွေနဲ့၊ ကင်မရာတွေထဲမှာ ရှိတဲ့ ဖြုတ်တပ်လို့ ရတဲ့ flash မှတ်ဉာဏ်ကဒ်လေးတွေ၊ လက်ကိုင်ဖုန်းတွေ (သို့) အိတ်ဆောင် သီချင်းဖွင့်စက်လေးတွေ ပါဝင်ပါတယ်။

    သိုလှောင်ရေး ကိရိယာထဲက အကြောင်းအရာ အားလုံး ဖယ်ရှားနည်း သိကောင်းစရာများ

    အခြေအနေအရ သိုလှောင်ရေး ကိရိယာတခုခုကို လုံးလုံး ရှင်းလင်းဖို့ လိုအပ်လာနိုင်တယ်။ ကွန်ပျူတာဟောင်း တလုံးကို ရောင်းလိုက်တာတို့၊ သူများကို ပေးပစ်တာတို့ လုပ်တဲ့အခါ၊ hard drive ကို ဖြုတ်လိုက်ပါ၊ ကွန်ပျူတာ ပိုင်ရှင်သစ်က သူ့ဟာသူ ပြန်ဝယ်ပါစေ။ ဒီလို မလုပ်ဘူး ဆိုရင်၊ တခြားသူကို မပေးခင် drive တခုလုံးကို Eraser နဲ့ အနည်းဆုံး ရှင်းလင်းလိုက်ပါ။ drive ကို သိမ်းထားရင်လည်း၊ အဲဒါကို ပြန်သုံးဖို့ ရည်ရွယ်လို့ပဲ ဖြစ်ဖြစ်၊ လွှင့်ပစ်ဖို့ လုပ်ရင်ပဲ ဖြစ်ဖြစ် အရင် ရှင်းလင်းပစ်ဖို့ လိုအပ်တယ်။ အကယ်လို့ hard drive အသစ်တခုကို ဝယ်လိုက်တယ် ဆိုရင်၊ သင့်ရဲ့ ဒေတာတွေကို ကူးယူပြီး လုံခြုံတဲ့ backup တခုကို လုပ်ပြီးတဲ့အခါ၊ drive အဟောင်းကို ရှင်းလင်းလိုက်ပါ။ အကယ်လို့ drive အဟောင်းကို လွှင့်ပစ်ဖို့ (သို့) ပြန်သုံးဖို့ ရည်ရွယ်တယ် ဆိုရင်၊ အဲဒီ စက်ပစ္စည်းကို ဖျက်ဆီးပစ်ဖို့ စဉ်းစားရပါလိမ့်မယ်။ (အထိခိုက်မခံတဲ့ အချက်အလက်တွေ ပါရှိတဲ့ ဒေတာ သိုလှောင်ရေး ကိရိယာတခုခုကို လွှင့်မပစ်ခင် ကွန်ပျူတာ ကျွမ်းကျင်တဲ့ သူတွေ အများအပြားကတော့ တူတလက်နဲ့ အားရပါးရ အချက် အတော်အတန် ထုပစ်ဖို့ အကြံပြုကြတယ်။)

    အပေါ်မှာ ဖော်ပြထားတဲ့ အခြေအနေမျိုးမှာ၊ hard drive တခုလုံးကို ရှင်းလင်းဖို့အတွက် Eraser ကို အသုံးပြုဖို့ လိုအပ်လာလိမ့်မယ်၊ operating system တခုက အဲဒီ drive ကို သုံးနေတဲ့ ကာလပတ်လုံး အသုံးပြုနိုင်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ဆုံး နည်းကတော့ drive ကို ဖယ်ရှားပြီး အဲဒါကို ပြင်ပ USB 'drive အခန်း' တခုထဲမှာ ထည့်လိုက်ဖို့ပဲ ဖြစ်တယ်၊ အဲဒါကို Eraser သွင်းထားတဲ့ ကွန်ပျူတာ တခုထဲမှာ install လုပ်နိုင်တယ်။ ပြင်ပ drive ထဲက အကြောင်းအရာ အကုန်လုံးကို ပယ်ဖျက်နိုင်ပြီး အသုံးမပြုတဲ့ နေရာ အားလုံးကို ရှင်းလင်းဖို့ Eraser ကို အသုံးပြုပါ။ ကံအားလျှော်စွာ၊ ဒီလုပ် လုပ်ဖို့ အချိန်ယူ ရတတ်တဲ့အတွက် ဒါကို သင် ခဏခဏ လုပ်နေစရာ မလိုဘူး။

    ပြန်ကူးရေးနိုင်တဲ့ CD (သို့) DVD တခုခုမှာ သိမ်းထားတဲ့ ဒေတာကို ရှင်းလင်းမဲ့အစား၊ အဲဒီ ဓါတ်ပြားကို ဖျက်ဆီးလိုက်တာ ပိုကောင်းပါတယ်။ လိုအပ်လာရင်၊ သိမ်းထားလိုတဲ့ အချက်အလက်တွေ ထည့်ဖို့ ဓါတ်ပြား အသစ်တခုကို သင် ဖန်တီးနိုင်ပါတယ်။ ဒါဟာ ပြန်ရေးလို့ မရတဲ့ ဓါတ်ပြားထဲမှာ ရှိတဲ့ အကြောင်းအရာကို ပယ်ဖျက်နိုင်တဲ့ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ CD (သို့) DVD တခုခုထဲက အကြောင်းအရာတွေကို ဖျက်ဆီးပစ်ဖို့ ဆိုတာ အံ့သြရလောက်အောင် မလွယ်ကူလှပါဘူး။ အစိတ်စိတ် အမွှာမွှာ ဖြတ်ထားတဲ့ ဓါတ်ပြားတွေထဲက အချက်အလက်တွေကို ပြန်ဆယ်ယူလို့ ရတဲ့ အဖြစ်အပျက်မျိုးကို ကြားဖူးပါလိမ့်မယ်။ အဲဒီ အဖြစ်အပျက်တွေဟာ အမှန်တကယ်ဖြစ်ပြီး၊ အဲဒီနည်းနဲ့ အချက်အလက်ကို ပြန်ရယူဖို့ ဆိုတာ အချိန်နဲ့ ကျွမ်းကျင်မှု အများကြီး ပေးဆပ်ရမှာ ဖြစ်တယ်။ ထုံးစံအရ၊ မာကြောတဲ့ ကပ်ကြေးတလက် (ဒါမှမဟုတ် မာကြောတဲ့ စက္ကူဖြတ်စက် တခုခု) ကို အသုံးပြုပြီး ဖြတ်ညှပ် ဖျက်ဆီးပစ်နိုင်တယ်။ ပိုပြီး သတိထားရမှာက၊ ရလာတဲ့ အစတ်အပိုင်းတွေကို ရောမွှေပြီး အိမ် (သို့) ရုံးနဲ့ ဝေးလံတဲ့ နေရာအမျိုးမျိုးမှာ လွှင့်ပစ်လိုက်ဖို့ ဖြစ်ပါတယ်။

    အယ်လီနာ - ကျွန်တော့်ဆီမှာ ကွန်ရက်ဆာဗာ မှတ်တမ်းတွေကို သိမ်းထားတဲ့ CD backup အဟောင်းတခု ရှိနေသေးတယ်၊ CD တချပ်ကို microwave ထဲမှာ ထားပြီး ဖျက်ပစ်နိုင်တယ်လို့ ကြားမိတယ်။ ဘာပဲ ဖြစ်ဖြစ်၊ အဲဒါဟာ လုံးဝ မကောင်းဘူးလို့ ကျွန်တော် ထင်တယ်။ လူတွေက ဒီလို တကယ်လုပ်ကြသလား။ အလုပ်ရော ဖြစ်ရဲ့လား။

    နီကိုလိုင်း - သူက ဒေတာတွေကို ထိထိရောက်ရောက်လေး ဖျက်ဆီးပေးနိုင်တယ်လို့ ကျွန်တော် ထင်တယ်၊ ဒါပေမဲ့ ကျွန်တော် မပြောတတ်ဘူး၊ ဘာလို့လဲ ဆိုတော့ CD တချပ်ကို microwave ထဲမှာ မထည့်ဖူးလို့ပါ။ ခင်ဗျား မှန်ပါတယ်။ ဒါဟာ အတော်လေး မကောင်းတဲ့ အကြံအဉာဏ် တခုပါပဲ။ အကယ်လို့ သတ္တုက microwave ကို မဖျက်ဆီးပစ်ဘူး (သို့) မီးမလောင်စေဘူး ဆိုရင်တောင်၊ အဲဒီ ပလတ်စတစ်ကနေ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အနံ့အသက်တွေ ထွက်လာစေမှာတော့ အမှန်ပါပဲ။ အဲဒါကို စဉ်းစားကြည့်တဲ့အခါ၊ CD တွေကို မီးထဲ ထည့်တာကိုလည်း ကျွန်တော် အားမပေးလိုဘူး။

    ဆက်လက် ဖတ်ရှုရန်

    • Firefox ဟာ လုံခြုံတဲ့ ပယ်ဖျက်ရေး နည်းပညာတွေနဲ့ ဖိုင်တွေကို အမြဲတမ်း ရှင်းလင်းဖို့ အသုံးမပြုပေမဲ့၊ သူ့ရဲ့ ကိုယ်ပိုင် ယာယီဖိုင် အများအပြားကို ရှင်းလင်းပေးနိုင်တဲ့ အသင့် တပ်ဆင်ထားတဲ့ နည်းတမျိုးကိုတော့ ပံ့ပိုးထားတယ်။ အဲဒီ feature ကို Firefox လမ်းညွှန် နဲ့ Firefox ကွန်ရက် စာမျက်နှာထဲမှာ ဖော်ပြထားပါတယ်။
    • CCleaner ရဲ့ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများ ထဲမှာ ဒီကိရိယာ install လုပ်ခြင်းနဲ့ အသုံးပြုခြင်းအကြောင်း နောက်ဆက်တွဲ အချက်အလက်ကို ဖေါ်ပြထားပါတယ်။
    • စာမျက်နှာ အများစုဟာ အတော်လေး နည်းပညာဆန်နေပေမဲ့၊ ပီတာ ဂွတ်ထ်မင်းရဲ့ Secure Deletion of Data from Magnetic and Solid-State Memory မိတ်ဆက်ဟာ ဖတ်ရှုသင့်တဲ့ စာအုပ် ဖြစ်ပါတယ်၊ သူဖော်ပြခဲ့တဲ့ နည်းလမ်းဟာ Eraser ဖန်တီးသူတွေနဲ့ တခြား လုံခြုံတဲ့ ဖိုင် ဖယ်ရှားရေး ကိရိယာတွေ အပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။