သတင်း အချက်အလက်များကို ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များမှ ကာကွယ်နည်း

နောက်ဆုံးပြင်ဆင်ထားသော2010

ဤလမ်းညွှန်အား အချိန်နှင့်တပြေးညီ ပြင်ဆင်မှု မရှိတော့ပါ။

ကွန်ပျူတာ ပတ်လည်မှာ ဒီဂျစ်တယ် အတားအဆီးတွေကို ဘယ်လောက်ပဲ ထားရှိနေပါစေ၊ နောက်မနက် နိုးလာတဲ့အခါ အထဲက သတင်း အချက်အလက်တွေ ပျောက်ဆုံးသွားတာတို့၊ အခိုးခံရတာတို့ (သို့) မတော်တဆ ထိခိုက်မိတာတို့ (သို့) အန္တရာယ် မကင်းတဲ့ လုပ်ရပ်ကြောင့် ပျက်စီးသွားတာတို့ ကြုံတွေ့နိုင်တယ်။ window ကို ဖွင့်နေတုန်း မီးအား ထိုးတက်သွားတာက အစ၊ ကော်ဖီ ဖိတ်ကျတဲ့အတွက် ဒေတာ အားလုံး ပျောက်ဆုံးသွားနိုင်ပြီး ကွန်ပျူတာကို သုံးလို့ မရတဲ့ အနေအထားအထိ ရောက်ရှိသွားနိုင်ပါတယ်။ အန္တရာယ်ကို ဂရုတစိုက် လေ့လာပြီး၊ အန္တရာယ် ကင်းစင်တဲ့ အနေအထားမှာ ထိန်းသိမ်းထားရှိဖို့ အမြဲတမ်း ကြိုးစားပါ၊ [*လုံခြုံရေး မူဝါဒ*](/my/glossary#Security_policy) တစ်ခု ချမှတ်ထားခြင်းဖြင့် ဒီလို အဖြစ်မျိုးကို ရှောင်ရှားနိုင်ပါတယ်။

နောက်ခံ ဇာတ်လမ်း -

:Snippet

ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ

  • ကွန်ပျူတာနဲ့ သူ့အထဲမှာ သိမ်းထားတဲ့ သတင်း အချက်အလက်တွေကို စက်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ အကြောင်း ဖော်ပြချက်တချို့၊
  • ကွန်ပျူတာ ပစ္စည်းကိရိယာတွေကို အဲဒီ ခြိမ်းခြောက်မှုတွေရဲ့ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်နည်း၊
  • ကွန်ပျူတာတွေနဲ့ network ချိတ်ဆက်တဲ့ ပစ္စည်းကိရိယာတွေကို ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနည်း
  • ရုံးအတွင်းမှာ ရှိတဲ့ ကွန်ပျူတာတွေရဲ့ လုံခြုံရေး အစီအမံ တစ်ခုကို ဖန်တီးရာမှာ စဉ်းစားရမဲ့ အချက်များ

အန္တရာယ်များကို စစ်ဆေးခြင်း

အဖွဲ့အစည်း အတော်များများဟာ သူတို့ရဲ့ ရုံးတွေနဲ့ ပစ္စည်းကိရိယာတွေကို ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိအောင် ထိန်းသိမ်းဖို့ အရေးပါပုံကို လျှော့တွက်ထားကြပါတယ်။ ရလဒ်အနေနဲ့ ကွန်ပျူတာတွေနဲ့ backup သိုလှောင်ရေး ကိရိယာတွေကို သူခိုးဒဏ်၊ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ၊ မတော်တဆမှုတွေနဲ့ တခြား ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များ ကနေ ကာကွယ်ဖို့ လုပ်ဆောင်ရမဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ ရှင်းလင်းမှုရှိတဲ့ မူဝါဒတွေ မထားရှိကြတာကို မကြာခဏ မြင်တွေ့ရတယ်။ အဲဒီ မူဝါဒတွေရဲ့ အရေးပါမှုဟာ ထင်ရှားနေပေမဲ့ အဲဒါတွေကို စနစ်တကျ စီစဉ်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေတတ်ပါတယ်။ ဥပမာ အားဖြင့် အဖွဲ့အစည်း အတော်များများက သူတို့ရဲ့ ရုံးတံခါးတွေမှာ အရည်အသွေး ကောင်းမွန်တဲ့ သော့တွေ သုံးပြီး လုံခြုံမှု ရှိတဲ့ ပြူတင်းပေါက်တွေပါ ထားရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ လုပ်ထားတဲ့ သော့အရေအတွက်နဲ့ အဲဒီ သော့တွေရဲ့ ကော်ပီပွားတွေကို သိမ်းထားတဲ့ ပုဂ္ဂိုလ်တွေကို ဂရုမစိုက်မိဘူး ဆိုရင်၊ အရေးကြီးတဲ့ အချက်အလက်တွေအတွက် အန္တရာယ် ရှိလာနိုင်ပါတယ်။

:Snippet

သင်နဲ့ သင့်ရဲ့ အဖွဲ့အစည်းက ရင်ဆိုင်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ထိခိုက်မှု ရှိနိုင်ချေတွေကို ဆန်းစစ်တဲ့အခါ၊ ဒေတာတွေကို ခြိမ်းခြောက်လာနိုင်တဲ့ အဆင့်အမျိုးမျိုးကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

  • အသုံးပြုတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေနဲ့ အဲဒါတွေကို အသုံးပြုမယ့် နည်းလမ်းကို စဉ်းစားပါ။ ဥပမာတွေထဲမှာ ပေးစာတွေ၊ ဖက်စ်စာတွေ၊ ကြိုးဖုန်းတွေ၊ လက်ကိုင်ဖုန်းတွေ၊ အီးမေးလ်တွေနဲ့ Skype စာတိုပေးပို့ချက်တွေ ပါဝင်ပါတယ်။

  • အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို သိမ်းဆည်းမဲ့ ပုံစံကို စဉ်းစားပါ။ ကွန်ပျူတာ hard drive တွေ၊ အီးမေးလ်တွေနဲ့ ကွန်ရက် ဆာဗာတွေ၊ USB မှတ်ဉာဏ်ချောင်းတွေ၊ ပြင်ပ USB hard drive တွေ၊ CD တွေနဲ့ DVD တွေ၊ လက်ကိုင်ဖုန်းတွေ၊ ထုတ်ဝေထားတဲ့ စာတွေနဲ့ လက်ရေးမှတ်စုတွေ အားလုံးလည်း ပါဝင်နိုင်ပါတယ်။

  • အဲဒီ အချက်အလက်တွေကို ရုပ်ပိုင်းဆိုင်ရာ ထားရှိတဲ့ နေရာတွေ စဉ်းစားပါ။ အဲဒါနေရာတွေဟာ ရုံးထဲမှာ၊ အိမ်ထဲမှာ၊ အမှိုက်ပုံးထဲမှာ (သို့) 'အင်တာနက်ပေါ်က တစ်နေရာရာမှာ' ရှိနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ သတင်း အချက်အလက်တွေကို ထားရှိမဲ့ ရုပ်ပိုင်းဆိုင်ရာ တည်နေရာကို ဆုံးဖြတ်သတ်မှတ်ဖို့ အတော်လေး ခက်ခဲနေပါလိမ့်မယ်။

အလားတူ သတင်း အချက်အလက်ဟာ ပုံစံအမျိုးမျိုးနဲ့ အန္တရာယ် ပေးနိုင်တာကို သတိပြုပါ။ USB မှတ်ဉာဏ်ချောင်းထဲက အကြောင်းအရာတွေကို malware ရဲ့ ရန်ကနေ ကာကွယ်ဖို့ ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဗ်ဝဲကို အားကိုးနေရသလို၊ အလားတူ သတင်း အချက်အလက်တွေကို သူခိုးရန်၊ ပျက်စီးဆုံးရှုံးမှုတွေကနေ ကာကွယ်ဖို့ အသေးစိတ်ကျတဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး အစီအစဉ်တစ်ခု အပေါ် မှီခိုနေရပါမယ်။ ကောင်းမွန်တဲ့ off-site backup မူဝါဒ တစ်ခု ထားရှိမှု စတဲ့ လုံခြုံရေး အလေ့အထ တချို့ဟာ ဒစ်ဂျစ်တယ် နည်းအရ ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ အရ ဖြစ်ဖြစ် အထောက်အကူ ဖြစ်စေတယ်။ တခြား အချက်တွေကတော့ ပိုပြီး ရှင်းလင်းတိကျမှု ရှိကြပါတယ်။

USB မှတ်ဉာဏ်ချောင်းကို အိတ်ကပ်ထဲမှာ ယူသွားမလား (သို့) ခရီးဆောင်အိတ် အောက်ခြေမှာ ပလတ်စတစ်နဲ့ ပတ်ထားမလား စတာတွေကို ဆုံးဖြတ်တဲ့အခါ သင် အကာအကွယ် ပေးဖို့ ကြိုးစားနေတဲ့အရာဟာ ဒစ်ဂျစ်တယ် အချက်အလက်တွေ ဖြစ်နေပေမဲ့၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက်ပါ ဆုံးဖြတ်ချက် တစ်ခုကို သင် ချမှတ်နေတာ ဖြစ်ပါတယ်။ အမြဲတမ်းလိုပဲ၊ သင့်လျော်ကောင်းမွန်တဲ့ မူဝါဒဟာ အခြေအနေ အပေါ်မှာ အများကြီး မူတည်နေတတ်တယ်။ သင် မြို့ထဲ သွားမလား (သို့) နယ်စပ် ဖြတ်ကျော်မလား။ သင့်ရဲ့ အိတ်ကို တခြား တစ်ယောက်ယောက်က သယ်ခိုင်းမလား။ မိုးရွာနေသလား။ ဒီလို ဆုံးဖြတ်ချက်မျိုးးကို ချမှတ်ရတဲ့အခါ အဲသလို မေးခွန်းမျိုးတွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။

သတင်း အချက်အလက်ကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်သူများ ရန်မှ ကာကွယ်ခြင်း

အန္တရာယ် ရှိတဲ့ ပုဂ္ဂိလ်တစ်ဦးဦးက မိမိဆီက အရေးပါတဲ့ သတင်း အချက်အလက်တွေကို ရယူဖို့ ကြိုးစားလာတာဟာ အရေးကြီးတဲ့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု တစ်မျိုး ဖြစ်ပါတယ်။ ဒါဟာ သတင်း အချက်အလက်တွေရဲ့ လုံခြုံရေးကို ထိခိုက်စေရုံသက်သက်ပဲလို့ ယူဆရင် မှားပါလိမ့်မယ်။ အဲဒါကို လျစ်လျူရှုထားရင် အမြင်ကျဉ်းရာလည်း ရောက်လိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ ကျူးကျော်မှု အန္တရာယ်ကို လျှော့နည်းစေဖို့ လုပ်ဆောင်နိုင်တဲ့ အဆင့်တွေ အများကြီး ရှိပါတယ်။ အောက်မှာ ဖေါ်ပြထားတဲ့ မျိုးကွဲတွေနဲ့ အကြံပြုချက်တွေ အတော်များများကို၊ အိမ်မှာ သာမက ရုံးမှာ အသုံးချနိုင်ပြီး၊ ကိုယ်ပိုင် ကြုံတွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး အခြေအနေနဲ့ ကိုက်ညီအောင် တည်ဆောက်နိုင်တဲ့ အုတ်မြစ်တစ်ခုကို ကိုယ်စားပြုပါတယ်။

ရုံးပတ်ဝန်းကျင်

  • အိမ်နားနီးချင်းတွေနဲ့ ရင်းနှီးအောင် လုပ်ပါ။ မိမိ နေထိုင်တဲ့ နိုင်ငံရဲ့ လုံခြုံရေး အခြေအနေအရ အောက်က အချက် နှစ်ချက်ထဲက တစ်ချက် ဖြစ်ပျက်နိုင်တယ်။ အိမ်နီးချင်းတွေကို မိမိရဲ့ ရုံးကို စောင့်ကြည့်ပေးဖို့ မိတ်ဆွေဖွဲ့နိုင်တယ်၊ (သို့) မိမိရဲ့ လုံခြုံရေးအတွက် ဖြေရှင်းနေရမဲ့ ဖြစ်နိုင်ချေ အန္တာရာယ် စာရင်းထဲမှာ ထည့်သွင်းနိုင်ပါတယ်။
  • တံခါးတွေ၊ ပြူတင်းပေါက်တွေနဲ့ ရုံးအတွင်းကို ဝင်ရောက်နိုင်တဲ့ နေရာအားလုံးကို ကာကွယ်နိုင်မဲ့ ပုံစံကို ဆန်းစစ်ပါ။
  • စောင့်ကြည့်နိုင်တဲ့ ကင်မရာ (သို့) လှုပ်ရှားမှု-အာရုံခံ ကိရိယာ တစ်ခုခုကို တပ်ဆင်ဖို့ စဉ်းစားပါ။
  • ဧည့်သည်တွေအတွက် မိမိရဲ့ ရုံးထဲ မဝင်ခင် တွေ့ဆုံနိုင်တဲ့ ဧည့်ကြိုအခန်း၊ မိမိရဲ့ သာမန် အလုပ်ခွင်နဲ့ သီးခြား တည်ရှိတဲ့ စည်းဝေးခန်းဆိုပြီး ခွဲထားပါ။

ရုံးထဲမှာ

  • ကွန်ရက် ကေဘယ်ကြိုးတွေကို ရုံးအတွင်းဖက်မှာ သွယ်တန်းပြီး ကာကွယ်ထားပါ။
  • ဆာဗာများ, routers, switches, hubs စတဲ့ ကွန်ရက်သုံး ကိရိယာတွေကို လုံခြုံတဲ့ အခန်းတွေ (သို့) ပုံးတွေထဲမှာ ထည့်ပြီး သော့ခတ်ထားပါ။ အဲဒီလို ကိရိယာတွေကို လက်လှမ်းမီနိုင်တဲ့ ကျူးကျော်သူ တစ်ဦးတစ်ယောက်က ကြားကနေ ဒေတာကို ခိုးယူနိုင်တဲ့ malwareကို ထည့်သွင်းထားနိုင််ပါတယ် (သို့) အဲဒီပုဂ္ဂိုလ် ထွက်သွားပြီးတဲ့နောက် ကွန်ရက်ပေါ်မှာ ရှိတဲ့ တခြား ကွန်ပျူတာတွေကိုပါ ထပ်ဆင့် တိုက်ခိုက်သွားနိုင်တယ်။ တချို့ အခြေအနေမျိုးမှာ ဆာဗာတွေ၊ ကွန်ပျူတာတွေ (သို့) တခြား ပစ္စည်းကိရိယာတွေကို မျက်နှာကျက်အတုလို နေရာ ထပ်ခိုးတွေမှာ၊ ဝှက်ထားခြင်းဖြင့် အကျိုးရှိနိုင်တယ်။ အင်တာနက်လိုင်းကို ကြိုးမဲ့ ဆက်သွယ်မှုစနစ်နဲ့၊ အိမ်နီးချင်းကိုပဲ ဖြစ်ဖြစ် သုံးစွဲစေနိုင်တယ်။
  • အကယ်လို့ မိမိမှာ ကြိုးမဲ့ ကွန်ရက်စနစ် တစ်ခုခု ရှိခဲ့ရင်၊ ကျူးကျော်လာသူတွေက အဲဒီ ကွန်ရက်ထဲကို ဝင်မလာအောင် (သို့) မိမိရဲ့ အဝင်အထွက်ကို စောင့်ကြည့်တာတွေ မလုပ်နိုင်အောင် မိမိရဲ့ access point ကို လုံလုံခြုံခြုံ ထားရှိဖို့ အရေးကြီးတယ်။ အကယ်လို့ လုံခြုံမှု မရှိတဲ့ ကြိုးမဲ့ ကွန်ရက် တစ်ခုခုကို အသုံးပြုနေတယ် ဆိုရင် အနီးအနားက လက်တော့ပ် သုံးစွဲနေတဲ့သူ တစ်ဦးတစ်ယောက်ဟာ ကျူးကျော် ဝင်ရောက်သူ ဖြစ်လာနိုင်တယ်။ ဒါဟာ ပုံမှန်မဟုတ်တဲ့ 'ရုပ်ပိုင်းဆိုင်ရာ' အဓိပ္ပါယ် ဖွင့်ဆိုချက် တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ကြိုးမဲ့ ကွန်ရက်ကို စောင့်ကြည့်လာနိုင်တဲ့ အန္တရာယ်ရှိ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ ရုံးအတွင်း ဝင်ရောက်လာပြီး Ethernet ကြိုးကို သွယ်တန်းတဲ့ ပုဂ္ဂိုလ်တွေလို အလားတူ လုပ်ကိုင်နိုင်စွမ်း ရရှိထားသူ ဖြစ်နေနိုင်တယ်။ ကြိုးမဲ့ ကွန်ရက်ကို လုံခြုံစေတဲ့ access pointတွေဟာ စက်ပစ္စည်း ချိတ်ဆက်မှုနဲ့ ဆော့ဗ်ဝဲအပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေကို လိုက်နာဖို့ ခက်ခဲနေမှာ မဟုတ်ဘူး။

လုပ်ငန်းခွင်ထဲမှာ

  • ရုံးအပြင်ကို ထွက်သွားတဲ့အခါ စားပွဲပေါ်မှာ တင်ထားတဲ့ ကွန်ပျူတာ မျက်နှာပြင်ကို တခြားသူတွေက မမြင်တွေ့နိုင်အောင် သတိထားပြီး နေရာ ချထားဖို့ လိုအပ်တယ်။ ရုံးထဲမှာ ဆိုရင် ပြူတင်းပေါက်တွေရဲ့ တည်နေရာ၊ ပွင့်နေတဲ့ တံခါး၊ ဧည့်သည်နဲ့ တွေ့နိုင်တဲ့အခန်း စတာတွေကို သတိထား စီစဉ်ရပါလိမ့်မယ်။
  • စားပွဲတင် ကွန်ပျူတာ casing အများစုမှာ ဘယ်သူမဆို သော့မပါပဲ ဖွင့်လို့ မရအောင် တားဆီးပေးတဲ့ သော့ခလောက်ကို ချိတ်ထားနိုင်တဲ့ အပေါက် တစ်ခု ပါရှိတယ်။ အကယ်လို့ မိမိရဲ့ ရုံးထဲမှာ ဒီလို အခြေအနေတွေ ကြုံလာတဲ့အခါ ကျူးကျော်လာသူတွေက စက်ပစ္စည်း အတွင်းပိုင်းကို ဝင်မထိနိုင်အောင် သော့ခတ်ထားလို့ ရတယ်။ ကွန်ပျူတာ အသစ် ဝယ်ယူတဲ့အခါ ဒီလိုအင်္ဂါရပ် ကိုလည်း ထည့်စဉ်းစားထားပါ။
  • ဖြစ်နိုင်ရင် ကွန်ပျူတာတွေကို ကျူးကျော်သူတွေက မခိုးနိုင်အောင် တားဆီးပေးနိုင်ဖို့ သော့ခတ်နိုင်တဲ့ လုံခြုံရေး ကေဘယ်ကြိုးကို အသုံးပြုပါ။ အထူးသဖြင့် အိတ်ထဲ (သို့) ကုတ်အင်္ကျီထဲ ဝှက်ထားနိုင်တဲ့ လက်တော့ပ်တွေနဲ့ စားပွဲတင် ကွန်ပျူတာငယ်လေးတွေ အတွက် အရေးကြီးပါတယ်။

ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ဆော့ဗ်ဝဲနဲ့ ချိန်ညှိချက်များ

  • ကွန်ပျူတာကို ပြန်ဖွင့်တဲ့အခါ ဆော့ဗ်ဝဲတွေ၊ ဖိုင်တွေကို အသုံးမပြုခင် စကားဝှက် ထည့်ရတဲ့ စနစ်ကို ထားရှိပေးပါ။ အကယ်လို့ ဒီစနစ်ကို မဖွင့်ထားသေးဘူး ဆိုရင်၊ Windows ထဲမှာ Start ကို နှိပ်၊ Control Panel ကို ရွေး၊ User Accounts အပေါ် နှစ်ဆင့် နှိပ်ပြီး ဒီအင်္ဂါရပ်ကို ဖွင့်နိုင်ပါတယ်။ User Accounts မှာ၊ your own account ကို ရွေးပြီး Create a Password ကို နှိပ်လိုက်ပါ။ အခန်း ၃ - လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်းမှာ ဆွေးနွေးထားတဲ့အတိုင်း၊ လုံခြုံတဲ့ စကားဝှက် တစ်ခုကို ရွေးပါ။ စကားဝှက်ကို ရေးပြီး အတည်ပြူလိုက်ပါ။ Create Password ကို နှိပ်၊ Yes ကို နှိပ်ပြီး၊ Make Private လုပ်လိုက်ပါ။
  • ကွန်ပျူတာ BIOS ထဲမှာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ ကိုက်ညီတဲ့ ချိန်ညှိချက်များ အနည်းအကျဉ်း ရှိပါတယ်။ ပထမဆုံးအနေနဲ့ မိမိရဲ့ ကွန်ပျူတာကို floppy, CD-ROM (သို့) DVD drives ကနေ boot မလုပ်အောင် ပြုပြင်ဖန်တီးထားပါ။ ဒုတိယအနေနဲ့၊ ကျူးကျော်လာသူ တစ်ဦးတစ်ယောက်က BIOS ထဲမှာ ရှိတဲ့ အရင် ချိန်ညှိချက် (setting) ကို ပြောင်းလို့ မရနိုင်အောင် စကားဝှက်တစ်ခု ထားရှိနိုင်တယ်။ ဒီ့အပြင်၊ လုံခြုံတဲ့ စကားဝှက် တစ်ခုကို ရွေးချယ်လိုက်ပါ။
  • အကယ်လို့ အခန်း ၃မှာ ဆွေးနွေးထားတဲ့အတိုင်း ကွန်ပျူတာ တစ်လုံးရဲ့ Windows (သို့) BIOS စကားဝှက်တွေကို သိမ်းဆည်းထားဖို့ လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် တစ်ခုကို အားကိုးနေတယ် ဆိုရင်၊ မိမိရဲ့ တစ်ခုတည်းသော ဒေတာဘေ့စ် ကော်ပီပွားကို အဲဒီ ကွန်ပျူတာထဲမှာပဲ သိမ်းဆည်းမထားဖို့ လိုအပ်တယ်။
  • အပြင်ကို ထွက်သွားတဲ့ အချိန်တိုင်း မိမိရဲ့ ကွန်ပျူတာ အကောင့်ကို ပိတ်ထားတတ်တဲ့ အလေ့အထကို လုပ်ထားပါ။ Windows အမှတ်တံဆိပ်ကို ဖိထားပြီး L ခလုတ်ကို နှိပ်လိုက်ခြင်းဖြင့် မိမိရဲ့ အကောင့်ကို အမြန် ပိတ်နိုင်ပါတယ်။ ဒါကတော့ မိမိရဲ့ Windows အကောင့်မှာ စကားဝှက် ပေးထားမှသာ ဒီလိုလုပ်နိုင်မှာ ဖြစ်တယ်။
  • အရေးကြီးသော သတင်း အချက်အလက်တွေကို ရုံးသုံး ကွန်ပျူတာတွေနဲ့ သိုလှောင်ရေး ကိရိယာတွေထဲမှာ စာဝှက်ပြီး သိမ်းထားပါ။ နောက်ဆက်တွဲ အသေးစိတ် အချက်အလက်တွေကို အခန်း ၄ - ကွန်ပျူတာအတွင်းရှိ အထိခိုက်မခံတဲ့ ဖိုင်များကို ကာကွယ်နည်းနဲ့ သင့်လျော်တဲ့ လက်ကမ်း လမ်းညွှန်တွေမှာ ဖတ်ရှုလေ့လာပါ။

:Snippet

အိတ်ဆောင် ကိရိယာများ

  • အထိခိုက်မခံတဲ့ အချက်အလက်တွေ ပါတဲ့ လက်တော့ပ်၊ လက်ကိုင်ဖုန်းနဲ့ တခြား အိတ်ဆောင် ကိရိယာတွေကို အထူးသဖြင့် ခရီးသွားနေတဲ့အခါ (သို့) ဟိုတယ်မှာ တည်းခိုတဲ့အခါ အမြဲတမ်း မိမိနဲ့ တပါတည်း ယူဆောင်သွားပါ။ ခရီးသွားတဲ့အခါတိုင်း လက်တော့ပ် လုံခြုံရေး ကေဘယ် တစ်ခု ပါသွားတာ ကောင်းပါတယ်။ ဒါပေမဲ့ တခါတလေ အဲဒါကို ချိပ်ထားဖို့ သင့်လျော်တဲ့ အရာဝတ္ထုကို ရှာရတာ အခက်အခဲ ရှိနေတတ်တယ်။ ထမင်းစားချိန်ဟာ သူခိုးတွေက မကြာခဏ ဝင်ခိုးလေ့ရှိတဲ့ အချိန် ဖြစ်တယ်။ အများအားဖြင့် လူသူ မရှိတဲ့ နေ့ခင်းအချိန်မှာ ဟိုတယ်ခန်းတွေမှာ လက်တော့ပ်ကို ရှာဖွေ အမြတ်ထုတ်လေ့ ရှိကြတယ်။
  • လက်တော့ပ်၊ တကိုယ်ရေသုံး ဒစ်ဂျစ်တယ် စက်ငယ် (PDA) သို့မဟုတ် တခြား မိုဘိုင်း ကိရိယာတွေကို လူသူရှေ့မှာ ထုတ်မပြပါနဲ့။ မိမိဟာ အဖိုးတန်တဲ့ စက်ပစ္စည်းတွေ သယ်နေတဲ့အကြောင်း သူခိုးတွေကို မပြမိပါနဲ့။ မိမိရဲ့ ဒေတာတွေကို ရယူလိုတဲ့ အခြား တစ်ယောက်ယောက်ကို မိမိ လွယ်ထားတဲ့ အိတ်ထဲမှာ သတင်း အချက်အလက်တွေ အစုံအလင်ပါတဲ့ hard drive တစ်ခု ရှိနေကြောင်း ဖေါ်ပြဖို့ မလိုအပ်ပါဘူး။ အိတ်ဆောင် ကိရိယာတွေကို လူသူရှေ့မှာ အသုံးပြုတာကို ရှောင်ပါ၊ လက်တော့ပ်ကို လက်တော့ပ်အိတ်နဲ့ မတူတဲ့ တခြား အိတ်တစ်ခုခုမှာ ထည့်ပြီး သယ်ဆောင်ဖို့ စဉ်းစားပါ။

ကွန်ပျူတာ စက်ပစ္စည်းအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခု ဖန်တီးခြင်း

အီလက်ထရွန်းနစ် ကိရိယာ အတော်များများလိုပဲ ကွန်ပျူတာတွေဟာ အထိခိုက်မခံနိုင်ဘူး။ တည်ငြိမ်မှု မရှိတဲ့ လျှပ်စစ်စီးကြောင်းတွေ၊ အပူချိန် လွန်ကဲမှုတွေ၊ ဖုန်မှုန့်၊ စိုထိုင်းခြင်း (သို့) စက်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်တွေကို ကောင်းကောင်း မခံနိုင်ကြဘူး။ မိမိရဲ့ ကွန်ပျူတာနဲ့ ကွန်ရက်သုံး ကိရိယာတွေကို အဲဒီလို ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်တဲ့ အချက် အများကြီး ရှိတယ် -

  • မီးအား ထိုးတက်သွားတာတို့၊ ပိတ်ချည် မှိတ်ချည်ဖြစ်နေတာတို့ စတဲ့ လျှပ်စစ် ပြဿနာတွေဟာ ကွန်ပျူတာ တစ်လုံးရဲ့ စက်ပစ္စည်းဆိုင်ရာ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်။ ဒီလို မငြိမ်သက်မှုတွေကြောင့် စက်ပစ္စည်းတွေ 'ထိခိုက်'နိုင်တယ်။ အထဲမှာ ပါတဲ့ သတင်း အချက်အလက်တွေကို ပျက်စီးစေနိုင်တယ် (သို့) ကွန်ပျူတာထဲက လျှပ်စစ်ဆိုင်ရာ အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်တယ်။
  • အကယ်လို့ တတ်နိုင်တယ် ဆိုရင်၊ မီးအားထိန်းစက် (UPSs) ကို ရုံးတွင်း သုံးစွဲတဲ့ အရေးကြီးတဲ့ ကွန်ပျူတာတွေမှာ တပ်ဆင်ထားပါ။ လျှပ်စစ် ပြတ်တောက်သွားတဲ့ အချိန်မျိုးမှာ (UPSs) က လျှပ်စစ်ဓါတ်အားကို ယာယီ ထုတ်ပေးနိုင်တယ်။
  • UPSs ကို ထားရှိဖို့ မသင့်တော်ဘူးလို့ ယူဆတဲ့ နေရာ (သို့) စျေးကြီးလွန်းတဲ့ နေရာမျိုးမှာ power filters (သို့) surge protector တွေကို တပ်ဆင်ထားနိုင်တယ်။ ဒီနည်းနဲ့ လျှပ်စစ် မငြိမ်မသက်မှု ဖြစ်လာတဲ့ အချိန်မှာ အကာအကွယ် ရရှိမှာ ဖြစ်တယ်။
  • အရေးကြီးတဲ့ ကိရိယာတွေကို လျှပ်စစ် ကွန်ရက်နဲ့ မချိတ်ဆက်ခင် အဲဒါကို အရင် စမ်းကြည့်လိုက်ပါ။ အပေါက် သုံးပေါက် ရှိတဲ့ မီးပလပ်ပေါက်တွေကို စမ်းသုံးကြည့်ပါ၊ အဲဒီထဲက တစ်ပေါက်ဟာ 'မြေစိုက်ကြိုး' (သို့) 'earth' အတွက် ဖြစ်တယ်။ ဖြစ်နိုင်ရင် ရုံးအသစ်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ် လည်ပတ်ပုံကို သိရှိနိုင်အောင် ကွန်ပျူတာတွေ အတွက် အန္တရာယ် မဖြစ်ခင် တန်ဖိုးနည်းတဲ့ မီးအိမ်တို့၊ ပန်ကာတို့ စတဲ့ ကိရိယာတွေကို သုံးပြီး တစ်ရက် (သို့) နှစ်ရက်လောက် စောင့်ကြည့်ပါ။
  • ယေဘုယျအားဖြင့် မတော်တဆမှုတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးတဲ့ စက်ပစ္စည်းတွေကို လူသွားလမ်းတွေ၊ ဧည့်ကြိုခန်းတွေ (သို့) တခြား အလွယ်တကူ လက်လှမ်းမီနိုင်တဲ့ နေရာတွေမှာ ထားရှိတာမျိုး ရှောင်ရှားပါ။ UPSs, power filters, surge protectors, power strips နဲ့ extension cable တွေ၊ အထူးသဖြင့် ဆာဗာတွေနဲ့ ကွန်ရက် ချိတ်ဆက်ထားတဲ့ ကိရိယာနဲ့ တွဲဖက်ထားတဲ့ ပစ္စည်းတွေကို မတော်တဆ ခလုတ် ပိတ်မိဖို့ ခက်ခဲတဲ့ နေရာမျိုးမှာ အခန်းသီးသန့် ဖွဲ့ပြီး ထားမယ် ဆိုရင် ပိုကောင်းမှာ ဖြစ်ပါတယ်။
  • အကယ်လို့ အဆင့်မြင့်တဲ့ ကွန်ပျူတာ ကေဘယ်တွေ၊ power strips နဲ့ extension cable တွေကို ရနိုင်တယ် ဆိုရင်၊ ရုံးတစ်ခုလုံးအတွက် လောက်အောင် ဝယ်ထားပြီး အပို တချို့ကိုလည်း ချန်ထားနိုင်တယ်။ နံရံ ပလပ်ပေါက်ကနေ ပြုတ်ကျတဲ့ Power strip တွေ၊ ပလပ်တွေကို လုံလုံခြုံခြုံ ထိန်းထားလို့ မရအောင် မကြာခဏ ဖြစ်ပျက်တတ်တဲ့ မီးပွင့်တွေဟာ အနှောင့်အယှက် ဖြစ်စေရုံမကပဲ အန္တရာယ် ပိုကြီးလာစေနိုင်တယ်။ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ အားလုံးရဲ့ စက်ပိုင်းဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်။ စိတ်ပျက်နေတဲ့ သုံးစွဲသူတွေဟာ မိမိတို့ရဲ့ ကွန်ပျူတာ ကေဘယ်ကြိုးတွေ လွတ်နေတာကို ထိန်းထားဖို့ မီးပွင့်ထွက်တဲ့ နေရာတွေကို တိတ်တွေနဲ့ ပတ်ထားတဲ့အတွက် ကြီးမားတဲ့ မီးဘေးအန္တရာယ်ကို ဖြစ်ပေါ်လာစေနိုင်တယ်။
  • အကယ်လို့ ကွန်ပျူတာ တစ်လုံးကို ပုံးထဲမှာ သိမ်းထားတယ် ဆိုရင် လေဝင်လေထွက် ကောင်းဖို့ လိုပါတယ်။ ဒါမှမဟုတ် အပူလွန်ကဲသွားနိုင်တယ်။
  • ကွန်ပျူတာ ကိရိယာဟာ အငွေ့ပြန်တတ်တဲ့ နေရာ၊ အပူပေးတဲ့ အပေါက်တွေ၊ လေအေးစက်တွေ (သို့) အခြား ပိုက်လုံးတွေရဲ့ အနားမှာ မထားရဘူး။

စက်ပိုင်းဆိုင်ရာ လုံခြုံရေး မူဝါဒကို ချမှတ်ခြင်း

သင်နဲ့ သင့်အဖွဲ့အစည်းက ရင်ဆိုင်ရမယ့် အန္တရာယ်တွေနဲ့ အထိခိုက် မခံတဲ့ သတင်း အချက်အလက်တွေကို တခါ ဆန်းစစ်ပြီးတာနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို မြှင့်တင်ပေးနိုင်မဲ့ ခြေလှမ်းတွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲဒီ ခြေလှမ်းတွေကို ရေးချပြီး လုံခြုံရေး မူဝါဒ အသေးစိတ် တစ်ခုကို ချမှတ်ပါ။ ရရှိလာတဲ့ စာတမ်းဟာ သင်နဲ့ သင့်လုပ်ဖော်ဆောင်ဖက်တွေ၊ အဖွဲ့အစည်းမှာ အသစ်ရောက်လာတဲ့ သူတွေအတွက် အထွေထွေ လမ်းညွှန်ချက် တစ်ခု ဖြစ်လာပါလိမ့်မယ်။ အဲဒီအထဲမှာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး မတော်တဆမှု အမျိုးမျိုး ပေါ်လာတဲ့အခါ လုပ်ဆောင်ရမဲ့ လုပ်ငန်းတွေရဲ့ စာရင်းတစ်ခုလည်း ပါဝင်ရမှာ ဖြစ်ပါတယ်။ ပါဝင်လာတဲ့ လူတိုင်းက အဲဒီ လုံခြုံရေး စံညွှန်းတွေကို ဖတ်ရှုဖို့၊ ကျင့်သုံးဖို့နဲ့ ထိန်းသိမ်းဖို့ အချိန်ယူရမှာ ဖြစ်တယ်။ သူတို့ကို မေးခွန်းတွေ မေးဖို့ အခွင့်အရေး ပေးပြီး အဲဒီစာတမ်းကို ပိုကောင်းအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို အကြံပေးခိုင်းပါ။

ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး မူဝါဒဟာ အခြေအနေတွေ အပေါ်မှာ မူတည်ပြီး အခန်းကဏ္ဍ အမျိုးမျိုး ပါဝင်နေတတ်ပါတယ်။

  • ရုံးအတွင်း ဝင်ရောက်တဲ့ မူဝါဒထဲမှာ အချက်ပေးတဲ့ စနစ်တွေ၊ ဘယ်သော့တွဲဟာ ဘယ်သူ့ဆီမှာ ရှိတယ်၊ ရုံးထဲမှာ ဧည့်သည်တွေကို ခွင့်ပြုမယ့် အချိန်နာရီ၊ သန့်ရှင်းရေးကို ဘယ်သူက တာဝန်ယူတယ် စတာတွေ ပါဝင်ရမှာ ဖြစ်တယ်။ ဒီ့အပြင် တခြားအချက်တွေလည်း ပါဝင်ပါတယ်။
  • ခွင့်ပြုထားတဲ့ ဧည့်သည်တွေကို ရုံးတွင်းမှာ ဝင်ခွင့်ပြုမဲ့ နေရာအပိုင်းအခြားကို ကန့်သတ်ထားတဲ့ မူဝါဒတစ်ခု၊
  • ပစ္စည်းကိရိယာတွေရဲ့ စာရင်း (အဲဒီ ပစ္စည်းတွေရဲ့ serial နံပါတ်နဲ့ ပုံပန်းသဏ္ဍန်ကိုပါ တွဲမှတ်ရမယ်)
  • အရေးကြီးတဲ့ သတင်း အချက်အလက်တွေ ပါရှိတဲ့ စာရွက်စာတမ်းတွေကို လုံလုံခြုံခြုံ စွန့်ပစ်နိုင်မယ့် အစီအစဉ်တစ်ခု၊
  • အောက်ပါအချက်တွေနဲ့ ဆက်စပ်တဲ့ အရေးပေါ် လုပ်ငန်းစဉ်တွေ -
    • အကယ်လို့ အထိခိုက်မခံတဲ့ အချက်အလက်တွေ ပေါက်ကြးသွားတာ (သို့) နေရာအထားအသို မှားတာတွေ ဖြစ်လာရင် အသိပေး အကြောင်းကြားမဲ့ ပုဂ္ဂိုလ်
    • မီးအန္တရာယ်၊ ရေလွှမ်းမိုးမှု (သို့) တခြား သဘာဝ ဘေးအန္တရာယ် ကျရောက်လာရင် ဆက်သွယ်ရမဲ့ ပုဂ္ဂိုလ်
    • အရေးကြီးတဲ့ တချို့ အရေးပေါ် ပြင်ဆင်မှုတွေကို လုပ်ဆောင်ရမဲ့ နည်းလမ်း
    • လျှပ်စစ်ဓါတ်အား၊ ရေနဲ့ အင်တာနက် ချိတ်ဆက်မှုကို ပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေ (သို့) အဖွဲ့အစည်းတွေကို ဆက်သွယ်နိုင်မဲ့ နည်းလမ်း
    • သင့်ရဲ့ off-site backup စနစ်ထဲက အချက်အလက်ကို ဘယ်လို ဆယ်တင်နည်း။ backup အကြောင်း အကြံပြုချက် အသေးစိတ်ကို အခန်း ၅ - ဆုံးရှုံးသွားတဲ့ သတင်း အချက်အလက်များကို ပြန်ဆယ်နည်း ထဲမှာ ဖတ်ရှုလေ့လာနိုင်တယ်။

လုံခြုံရေး မူဝါဒကို နောက်ဆုံး ဆန်းစစ်ခဲ့တဲ့ အချိန်ကစပြီး မူဝါဒ အပြောင်းအလဲတွေကို ပေါ်လွင်စေဖို့ ပုံမှန် ဆန်းစစ်ပြီး ပြင်ဆင်ပါ။ လုံခြုံရေး မူဝါဒ ပါတဲ့ စာတမ်းကို တခြား အရေးကြီးတဲ့ ဒေတာနဲ့အတူ back up လုပ်ထားဖို့ မမေ့ပါနဲ့။ လုံခြုံရေး မူဝါဒ တစ်ခု ဖန်တီးခြင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို ဆက်လက် ဖတ်ရှုရန် အခန်းမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဆက်လက် ဖတ်ရှုရန်