ကွန်ပျူတာကို malware နဲ့ hacker များရန်မှ ကာကွယ်နည်း

နောက်ဆုံးပြင်ဆင်ထားသော2010

ဤလမ်းညွှန်အား အချိန်နှင့်တပြေးညီ ပြင်ဆင်မှု မရှိတော့ပါ။

သင့်ဆီမှာ ကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ရှိနိုင်ပေမယ့်၊ ကွန်ပျူတာရဲ့ ကျန်းမာရေးကို ထိန်းသိမ်းတာဟာ ပိုပြီး ကောင်းမွန်တဲ့ လုံခြုံရေး လမ်းကြောင်းဆီဖက်ကို ဦးတည်စေတဲ့ ပထမဆုံး အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်တယ်။ ဒါကြောင့် ကြံ့ခိုင်တဲ့ စကားဝှက်တွေ၊ သီးသန့် ဆက်သွယ်ရေးနဲ့ လုံလုံခြုံခြုံ ပယ်ဖျက်ပေးနိုင်တဲ့ နည်းတွေကို မစဉ်းစားခင်၊ ဥပမာ အားဖြင့်၊ ကွန်ပျူတာကို hacker တွေရဲ့ လက်ထဲ မကျရောက်အောင် (သို့) အန္တရာယ် ရှိတဲ့ ဆော့ဗ်ဝဲ၊ malware, ဗိုင်းရပ်စ်တွေနဲ့ spyware တွေရဲ့ အန္တရာယ်ထဲ မကျရောက်အောင် ဂရုစိုက်ရမှာ ဖြစ်တယ်။ ဒါမှမဟုတ်ရင် တခြား လုံခြုံရေး ဆောင်ရွက်ချက်တွေရဲ့ ထိရောက်မှုကို အာမခံလို့ ရမှာ မဟုတ်ဘူး။ ဒါ့အပြင် သူခိုးက အိမ်အောက်ထပ်မှာ ရောက်နေပြီးမှ တံခါးပိတ်ဖို့ ကြိုးစားတာဟာ အဓိပ္ပါယ် မရှိတဲ့အပြင် တံခါးကို ကျယ်ကျယ် ဖွင့်ထားပြီး အောက်ထပ်ကို သွားရှာနေရင်လည်း အကြောင်းထူးမှာ မဟုတ်ဘူး။

ဒါကြောင့် ဒီအခန်းမှာ ဆော့ဗ်ဝဲ ထိန်းသိမ်းစောင့်ရှောက်နည်း၊ Avast, Spybot နဲ့ Comodo Firewall စတဲ့ ကိရိယာတွေကို အသုံးပြုပြီး ကွန်ပျူတာကို အမြဲတမ်း အန္တရာယ် ပြုနေတဲ့malware ရဲ့ တိုက်ခိုက်မှု၊ hacker ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ရှင်းပြသွားမှာ ဖြစ်တယ်။ ဒီမှာ အကြံပြုထားတဲ့ ကိရိယာတွေဟာ ခြိမ်းချောက်မှု အခံရဆုံးဖြစ်တဲ့ Windows operating system (OS) အတွက် ရည်ရွယ်ထားပေမယ့်၊ GNU/Linux နဲ့ Apple OS X သုံးစွဲသူတွေ အတွက်လည်း အန္တရာယ် ရှိနိုင်တဲ့အတွက် အောက်မှာ ဖေါ်ပြထားတဲ့ နည်းနာတွေကို အသုံးပြုနိုင်တယ်။

နောက်ခံ ဇာတ်လမ်း -

:Snippet

ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ

  • သတင်း အချက်အလက်တွေရဲ့ လုံခြုံရေးနဲ့ တည်တန့်ရေး၊ ကွန်ပျူတာရဲ့ ကြံ့ခိုင်ရေးနဲ့ တခြား လုံခြုံရေး ကိရိယာတွေအပေါ် စိတ်ချယုံကြည်မှုကို အန္တရာယ်ပြုနေတဲ့ malware ရဲ့ ခြိမ်းခြောက်မှုတချို့၊
  • အဲဒီ ခြိမ်းခြောက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်နိုင်အောင် အထောက်အကူပြုတဲ့ ကိရိယာတွေကို အသုံးပြုနည်း၊
  • ဆော့ဗ်ဝဲကို မကြာခဏ update လုပ်ပေးခြင်းဖြင့် ကွန်ပျူတာကို လုံခြုံအောင် ထိန်းသိမ်းနည်း၊
  • လိုင်စင်ရက် ကုန်ဆုံးတာ (သို့) ခိုးကူးတဲ့ ဆော့ဗ်ဝဲနဲ့ ဆက်စပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားပြီး လုံခြုံရေးကို တိုးမြှင့်နိုင်အောင် လူသိများတဲ့ FOSS ဆော့ဗ်ဝဲတွေ ဖြစ်ကြတဲ့ အခမဲ့ အခမဲ့ ဆော့ဗ်ဝဲ တွေကို အသုံးပြုဖို့ လိုအပ်ပုံတွေ ပါဝင်တယ်။

ဗိုင်းရပ်စ်များ

ဗိုင်းရပ်စ်များလို့ သတ်မှတ်နိုင်တဲ့ နည်းလမ်းမျိုးစုံရှိပြီး အဲဒီ နည်းလမ်း တစ်ခုစီဟာ သူ့ကိုယ်ပိုင် မျိုးကွဲအမည်တွေနဲ့ ရှိတတ်ကြတယ်။ Worms, macro viruses, trojans နဲ့ backdoors ဟာ လူသိများတဲ့ ဥပမာတချို့ ဖြစ်တယ်။ အဲဒီ ဗိုင်းရပ်စ် အများအပြားဟာ အင်တာနက်ပေါ်မှာ ပြန့်နှံ့နေတတ်ကြပြီး အီးမေးလ် အသုံးပြုတာ၊ အန္တရာယ်ရှိတဲ့ ကွန်ရက်စာမျက်နှာတွေ (သို့) အခြားနည်းလမ်းတွေ ကတစ်ဆင့် အကာအကွယ်မဲ့တဲ့ ကွန်ပျူတာတွေထဲ ကူးစက် ဝင်ရောက်တတ်ကြပါတယ်။ တချို့ကတော့ ဖြုတ်တတ်လို့ရတဲ့ မီဒီယာ၊ အထူးသဖြင့် USB မှတ်ဉာဏ်ချောင်းတွေလို ကိရိယာတွေ၊ သုံးစွဲသူတွေက အချက်အလက် ရေးသားပြီး ဖတ်ရှုနိုင်တဲ့ external hard drives တွေကတဆင့် ပျံ့နှံ့တတ်ကြတယ်။ ဗိုင်းရပ်စ်တွေဟာ external drives ထဲက ဒေတာတွေ အပါအဝင်၊ ကွန်ပျူတာထဲက သတင်း အချက်အလက်တွေကို ဖျက်ဆီးနိုင်၊ ထိခိုက်စေနိုင် (သို့) ကူးစက်နိုင်တယ်။ ကွန်ပျူတာကိုလည်း ထိန်းချုပ်ထားနိုင်ပြီး တခြား ကွန်ပျူတာတွေကို ထပ်ဆင့် တိုက်ခိုက်ဖို့ အသုံးချလာနိုင်တယ်။ ကံကောင်း ထောက်မစွာ မိမိကိုယ်ကို ကာကွယ်ပေးနိုင်သလို၊ မိမိနဲ့ ဒစ်ဂျစ်တယ် အချက်အလက်တွေကို ဖလှယ်နေတဲ့ သူတွေကို အကာအကွယ်ပေးနိုင်တဲ့ ဗိုင်းရပ်စ် ဖယ်ရှားရေး ကိရိယာတွေ အများအပြား ပေါ်လာနေပါပြီ။

ဗိုင်းရပ်စ်သတ် ဆော့ဗ်ဝဲ

Windows အတွက် Avast လို့ ခေါ်တဲ့ အလွန် အစွမ်းထက်ပြီး အခမဲ့ဖြစ်တဲ့ ဗိုင်းရပ်စ်သတ် ကိရိယာတစ်မျိုး ရှိပါတယ်။ အသုံးပြုရ လွယ်ကူပြီး ပုံမှန် မွမ်းမံ (update) ပေးလို့ ရတယ်။ ၄င်းဟာ ဗိုင်းရပ်စ်နဲ့ ပါတ်သက်တဲ့ ကျွမ်းကျင်သူတွေရဲ့ အထူး အသိအမှတ်ပြုခြင်း ခံထားရတယ်။ ၁၄ လမှာ တစ်ကြိမ် မှတ်ပုံတင်ထားဖို့တော့ လိုတယ်။ ဒါပေမဲ့ မှတ်ပုံတင်တာ၊ မွမ်းမံတာအပြင်၊ အဲဒီ ပရိုဂရမ်ကို အခမဲ့ ရယူနိုင်ပါတယ်။

လက်ကမ်း စာစောင်များ - - Avast လမ်းညွှန် ကို စတင် သုံးစွဲခြင်း

Avast အပြင် တခြား နာမည်ကြီးတဲ့ စီးပွားဖြစ် ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ်တွေ အမျိုးမျိုး ရှိကြတယ်။ Clam Win ဟာ Avast ပြီးရင် FOSS ရဲ့ တခြား ရွေးချယ်နိုင်တဲ့ ပရိုဂရမ် တစ်ခု ဖြစ်တယ်။ ပင်မ ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ် တစ်ခုမှာ ရှိသင့်တဲ့ အရေးကြီးတဲ့ အင်္ဂါရပ်တချို့ မပါရှိပေမယ့် ဆော့ဗ်ဝဲကို ထည့်သွင်းခွင့် မပြုတဲ့ ကွန်ပျူတာတွေကို စကင်ဖတ်နိုင်ဖို့ အတွက် Clam Win ကို USB မှတ်ဉာဏ်ချောင်း တစ်ခုထဲမှာ ထည့်ပြီး အသုံးပြုနိုင်တယ်။

ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဗ်ဝဲကို ထိရောက်စွာ သုံးစွဲနည်း သိကောင်းစရာများ

  • ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ်တွေကို တစ်ချိန်ထဲမှာ နှစ်ခု မသုံးပါနဲ့။ ကွန်ပျူတာကို အတော်လေး နှေးကွေးစေနိုင် (သို့) ပျက်စီးစေနိုင်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ ပရိုဂရမ် တစ်ခုကို ထပ်မထည့်သွင်းခင် လက်ရှိ အသုံးပြုနေတဲ့ ပရိုဂရမ်ကို အရင် ဖယ်ထုတ်လိုက်ပါ။
  • မိမိရဲ့ ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ်မှာ မွမ်းမံချက်တွေ ရရှိနိုင်ရမယ်။ တချို့ ကွန်ပျူတာ အသစ်တွေမှာ စီးပွားဖြစ် ဆော့ဗ်ဝဲ အတော်များများကို ကြိုတင် ထည့်သွင်းထားပြီး အချိန်အပိုင်းအခြား တစ်ခုအထိ မှတ်ပုံတင်ထားဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင် မွမ်းမံချက်တွေကို ရရှိနိုင်တော့မှာ မဟုတ်ဘူး။ ဒီနေရာမှာ အကြံပြုထားတဲ့ ဆော့ဗ်ဝဲ အားလုံးမှာ အခမဲ့ မွမ်းမံချက်တွေကို ပံ့ပိုးပေးထားပါတယ်။
  • မိမိရဲ့ ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဗ်ဝဲဟာ အလိုအလျှောက် ပုံမှန် မွမ်းမံနေဖို့ လိုတယ်။ ဗိုင်းရပ်စ် အသစ်တွေကို နေ့တိုင်း ဖန်တီးရေးသား၊ ဖြန့်ချိနေကြတဲ့အတွက် အဲဒီ ဗိုင်းရပ်စ် definitions ကို ပုံမှန် မရနိုင်ရင် ကွန်ပျူတာထဲ အလွယ်တကူ ကူးစက်လာနိုင်တယ်။ Avast ကတော့ အင်တာနက်ကို ချိတ်ဆက်လိုက်တာနဲ့ မွမ်းမံချက်တွေကို အလိုအလျှောက် ရှာဖွေသွားမှာ ဖြစ်တယ်။
  • ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဗ်ဝဲမှာ 'always on' virus-detection အင်္ဂါရပ် ပါလာရင် သူ့ကို အမြဲတမ်း ဖွင့်ပေးထားပါ။ ဆော့ဗ်ဝဲ အမျိုးမျိုးမှာ နာမည် အမျိုးမျိုး ရှိတတ်ကြတယ်။ ဒါပေမဲ့ အများအားဖြင့် တူညီတဲ့ အင်္ဂါရပ် တစ်ခုကိုပဲ ပံ့ပိုးပေးကြတယ်။ အဲဒါကို 'Realtime Protection,' 'Resident Protection,' (သို့) အလားတူ အမည်တစ်မျိုးမျိုးနဲ့ ခေါ်ဝေါ်နိုင်တယ်။ အဲဒီ ကိရိယာ တစ်ခုရဲ့ 'Resident Scanner' အကြောင်းကို ပိုမို လေ့လာဖို့ Avast လမ်းညွှန်ထဲက အပိုင်း ၃.၂.၁ကို ဖတ်ရှုပါ။
  • ကွန်ပျူတာထဲက ဖိုင်အားလုံးကို ပုံမှန် စကင်ဖတ် စစ်ဆေးပါ။ အဲဒါကို (အပေါ်မှာ ဖေါ်ပြထားတဲ့အတိုင်း ဗိုင်းရပ်စ်သတ် ဆော့ဗ်ဝဲမှာ 'always on' အင်္ဂါရပ် ပါရှိခဲ့ရင်) နေ့တိုင်း စကင်လုပ်စရာ မလိုဘူး။ ဒါပေမဲ့ အဲဒါကို အချိန် အပိုင်းအခြားနဲ့ လုပ်ဆောင်ပေးရမှာ ဖြစ်တယ်။ ကြာမဲ့ အချိန်အပိုင်းအခြားကတော့ အခြေအနေတွေအပေါ်မှာလည်း မှုတည်မှာ ဖြစ်တယ်။ အခုတလော မိမိရဲ့ ကွန်ပျူတာကို မိမိမသိကျွမ်းတဲ့ ကွန်ရက်တွေနဲ့ ချိတ်ဆက်နေသလား။ USB မှတ်ဉာဏ်ချောင်းတွေကို သုံးပြီး ဖိုင်တွေကို ဘယ်သူတွေနဲ့ ဝေမျှခဲ့သလဲ။ အီးမေးလ်ကနေ ထူးခြားတဲ့ ပူးတွဲဖိုင်တွေ မကြာခဏ လက်ခံရရှိလေ့ရှိသလား။ အခုတလော မိမိရဲ့ အိမ် (သို့) ရုံးမှာ ဗိုင်းရပ်စ် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ သူ တစ်ဦးတစ်ယောက် ရှိနေသလား။ ဖိုင်တွေကို အကောင်းဆုံး စကင်ဖတ် စစ်ဆေးပေးနိုင်တဲ့ နည်းလမ်းတွေ အကြောင်း ပိုမို သိရှိဖို့၊ Avast လမ်းညွှန်ကို လေ့လာဖတ်ရှုပါ။

ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ခြင်း

  • အင်တာနက်ကနေ ရရှိတဲ့ အီးမေးလ် ပူးတွဲဖိုင်တွေကို ဖွင့်ကြည့်တဲ့အခါ အထူး သတိထားပါ။ မိမိ မသိကျွမ်းတဲ့ အရင်းအမြစ် တစ်ခုခုစီကနေ ရရှိလာတဲ့ ပူးတွဲဖိုင်တွေကို ဖွင့်မကြည့်မိတာ အကောင်းဆုံး ဖြစ်တယ်။ တကယ်လို့ ဖွင့်ကြည့်မယ် ဆိုရင်လည်း အဲဒီ ပူးတွဲဖိုင်ကို မိမိ ကွန်ပျူတာထဲက ဖိုင်တွဲတစ်ခုမှာ အရင် သိမ်းထားပြီး သင့်လျော်တဲ့ လုပ်ငန်းသုံးကိရိယာ (Microsoft Word သို့မဟုတ် Adobe Acrobat) တစ်ခုခုကို ဖွင့်ပါ။ ပူးတွဲဖိုင်ကို ဖွင့်ကြည့်ရာမှာ အဲဒီဖိုင်ကို နှစ်ချက် မနှိပ်ပဲ (သို့) အီးမေးလ် ပရိုဂရမ်ကနေ အလိုအလျောက် မဖွင့်ပဲ ပရိုဂရမ် တစ်ခုခုရဲ့ File မီနူးကနေ ဖွင့်မယ် ဆိုရင် ဗိုင်းရပ်စ်ကို နှိုးဆွစေနိုင်တဲ့ အခွင့်အလမ်း နည်းသွားမှာ ဖြစ်တယ်။
  • ဖြုတ်တပ်လို့ရတဲ့ မီဒီယာ၊ CD တွေ၊ DVD တွေနဲ့ USB မှတ်ဉာဏ်ချောင်းတွေကို ကွန်ပျူတာထဲမှာ မထည့်ခင် ဖြစ်နိုင်ချေ အန္တရာယ်တွေကို ကြိုတင် စဉ်းစားထားပါ။ ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ်မှာ နောက်ဆုံးထွက် မွမ်းမံချက်တွေ ရှိမရှိ အရင် စစ်ဆေးပြီး သူ့ရဲ့ စကင်ဖတ်တဲ့ ကိရိယာ အလုပ်လုပ် မလုပ် စစ်ဆေးရမှာ ဖြစ်တယ်။ ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေ ကူးစက်သွားစေနိုင်တဲ့ operating system ထဲက 'AutoPlay' အင်္ဂါရပ်ကို ပိတ်ထားဖို့ ကောင်းတယ်။ Windows XP ကို သုံးတယ် ဆိုရင် My Computer ထဲက CD (သို့) DVD drive ပေါ်မှာ ညာဖက်နှိပ်၊ Properties ကို ရွေးပြီး၊ AutoPlay စာအမှတ်ကို နှိပ်ပါ။ content type တစ်ခုစီအတွက်၊ Take no action (သို့) Prompt me each time to choose an action options ကို ရွေးပြီး OK နှိပ်လိုက်ပါ။
  • အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲကို ပြောင်းလဲ အသုံးပြုခြင်းဖြင့် ဗိုင်းရပ်စ် တချို့ရဲ့ ကူးစက်မှုတွေကို ကာကွယ်နိုင်တယ်။ ပိုပြီး လုံခြုံမှု ရှိတဲ့အပြင် ဗိုင်းရပ်စ် ရေးသားသူတွေရဲ့ အာရုံစိုက်ခြင်း ခံရမှု နည်းပါးတယ်။

:Snippet

စပိုင်ဝဲများ

စပိုင်ဝဲ ခေါ် Spyware ဆိုတာ ကွန်ပျူတာနဲ့ အင်တာနက် နှစ်ခုစလုံးမှာ လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေကို ခြေရာခံပြီး အဲဒီ အကြောင်းအရာကို တစ်ဦးတစ်ယောက်ဆီ ပြန်လည်ပေးပို့နိုင်တဲ့ အန္တရာယ် ရှိတဲ့ ဆော့ဗ်ဝဲ အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ အဲဒီ ပရိုဂရမ်တွေဟာ ကီးဘုတ်ပေါ်မှာ ရိုက်နှိပ်လိုက်တဲ့ စာလုံးတွေ၊ ကြွက်ခလုတ် (Mouse) ရဲ့ လှုပ်ရှားမှုတွေ၊ ကြည့်ရှုခဲ့တဲ့ ကွန်ရက် စာမျက်နှာနဲ့ အသုံးပြုခဲ့တဲ့ ပရိုပရမ်တွေအပြင် တခြား အချက်အလက်တွေကို မှတ်ထားနိုင်ပါတယ်။ ရလဒ်အနေနဲ့ ကွန်ပျုတာရဲ့ လုံခြုံရေးကို ထိခိုက်လာစေပြီး သင့်ရဲ့ လှုပ်ရှားမှုတွေ၊ သင်နဲ့ အဆက်အသွယ် လုပ်တဲ့ သူတွေနဲ့ ပါတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ထုတ်ဖေါ်သွားနိုင်ပါတယ်။ ကွန်ပျူတာတွေဟာ ဗိုင်းရပ်စ်တွေရဲ့ တိုက်ခိုက်မှုပုံစံအတိုင်း စပိုင်ဝဲ ရဲ့ တိုက်ခိုက်မှု ခံရနိုင်တယ်။ ဒါကြောင့် အပေါ်မှာ အကြံပြုချက်တွေဟာ ဒီလို ဒုတိယ တန်းစား malware ရဲ့ ရန်ကနေ ကာကွယ်ပေးတဲ့ နေရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ အန္တရာယ်ရှိတဲ့ ကွန်ရက်စာမျက်နှာတွေဟာ စပိုင်ဝဲ ကူးစက်မှုရဲ့ အဓိက အရင်းအမြစ် တစ်ခု ဖြစ်လာတဲ့အတွက် ကြည့်ရှုခဲ့တဲ့ ကွန်ရက် စာမျက်နှာတွေကို အထူး သတိထားပြီး (Browser) settings တွေဟာ လုံခြုံမှု ရှိဖို့ လိုပါတယ်။

:Snippet

စပိုင်ဝဲ ဖယ်ရှားရေး ဆော့ဗ်ဝဲ

ကွန်ပျူတာကို ဒီလိုမျိုး ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ စပိုင်ဝဲ ဖယ်ရှားရေး ကိရိယာတွေကို အသုံးပြုနိုင်တယ်။ Spybot ဟာ အဲဒီလို ပရိုဂရမ်မျိုး ဖြစ်ပြီး ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ်တွေက လျစ်လျူရှုထားတဲ့ စပိုင်ဝဲ အမျိုးအစား တချို့ကို ရှာဖွေပြီး ဖယ်ရှားပေးတဲ့ အလုပ်ကို ကောင်းကောင်း လုပ်ပေးနိုင်တယ်။ ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဗ်ဝဲလိုပဲ၊ Spybot ရဲ့ malware definitions ကို update လုပ်ပြီး ပုံမှန် စကင်ဖတ် စစ်ဆေးဖို့ အတော်လေး အရေးကြီးပါတယ်။

လက်ကမ်း စာစောင်များ - စပိုင်ဝဲ ကာကွယ်ဖယ်ရှားရေး လမ်းညွှန် နဲ့ စတင်ပါ

စပိုင်ဝဲရဲ့ ကူးစက်မှုကို ကာကွယ်ခြင်း

  • ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုတဲ့အခါ သတိထားပါ။ အလိုအလျှောက် ပေါ်လာတတ်တဲ့ Browser ဝင်းဒိုးတွေကို စောင့်ကြည့်ပြီး Yes (သို့) OK ကို မနှိပ်သေးဘဲ သေချာ ဖတ်ပါ။ သံသယ ဖြစ်ရင်၊ Cancel ကို မနှိပ်ပဲ 'Pop UP ဝင်းဒိုး' ရဲ့ ညာဖက်ထိပ်က X ကို နှိပ်ပြီး ဝင်းဒိုးကို ပိတ်လိုက်ပါ။ ဒီလိုနည်းနဲ့ ကွန်ပျူတာထဲမှာ Malware ကို Install လုပ်ဖို့ မြူဆွယ်လာမယ့် ကွန်ရက် စာမျက်နှာတွေကို တားဆီးနိုင်တယ်။
  • ကြည့်ရှုတဲ့ ကွန်ရက် စာမျက်နှာတွေထဲမှာ ပါလာတတ်တဲ့ အန္တရာယ်ရှိတဲ့ ပရိုဂရမ်တွေ အလိုအလျောက် အလုပ် မလုပ်အောင် တားဆီးပေးခြင်းဖြင့် ကွန်ရက် Browser ရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးနိုင်ပါတယ်။ အကယ်လို့ Mozilla Firefox ကို အသုံးနေတယ် ဆိုရင်၊ Firefox လမ်းညွှန် အပိုင်း ၄ ထဲမှာ ဖော်ပြထားတဲ့အတိုင်း NoScript ဆိုတဲ့ add-on ကို install လုပ်နိုင်ပါတယ်။
  • မသိကျွမ်းတဲ့ (သို့) စိတ်မချရတဲ့ ကွန်ရက် စာမျက်နှာတွေဆီက အဲဒီလို အကြောင်းအရာမျိုးကို လုံးဝ လက်မခံနဲ့၊ မဖွင့်မိပါစေနဲ့။

:Snippet

Firewall များ

Firewall ဆိုတာ အင်တာနက်ကနေ လာတဲ့ ဒေတာတွေကို ပထမဆုံး တွေ့ဆုံတဲ့ ပရိုဂရမ် တစ်ခု ဖြစ်ပါတယ်။ ထွက်သွားမဲ့ အချက်အလက်တွေကို ကိုင်တွယ်ပေးတဲ့ နောက်ဆုံး ပရိုဂရမ်လည်း ဖြစ်ပါတယ်။ လုံခြုံရေး ဝန်ထမ်းတစ်ဦးက အဆောက်အဦ တစ်ခုရဲ့ ဂိတ်တံခါးဝမှာ နေရာယူပြီး ဝင်ခွင့်ရှိတဲ့သူနဲ့ ဝင်ခွင့် မရှိတဲ့သူကို စစ်ဆေး ဆုံးဖြတ်ပေးရသလို၊ Firewall ကလည်း ဒေတာ အဝင်အထွက်တွေ အားလုံးကို လက်ခံ၊ စစ်ဆေးပြီး အဆုံးအဖြတ် ပေးရပါတယ်။ သဘော သဘာဝအရ၊ အင်တာနက်နဲ့ ရုံးတွင်း ကွန်ရက်တွေကတဆင့် ဟက်ကာတွေနဲ့ ဗိုင်းရပ်စ်တွေ ဝင်လာနိုင်တဲ့ စိတ်မချရတဲ့ ဆက်သွယ်ရေးလိုင်းတွေကနေ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ အရေးကြီးသလို၊ ကိုယ်ပိုင် ကွန်ပျူတာကနေ ထွက်သွားတဲ့ connections တွေကိုလည်း စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။

အစွမ်းထက်တဲ့ firewall ကို အသုံးပြုပြီး ကွန်ပျူတာထဲမှာ ရှိတဲ့ ပရိုဂရမ် တစ်ခုစီအတွက် ခွင့်ပြုချက်တွေကို ရွေးချယ်သတ်မှတ်ထားနိုင်တယ်။ ပရိုဂရမ်တစ်ခုခုက ပြင်ပလောကကို ဆက်သွယ်ဖို့ ကြိုးစားလာတဲ့အခါ အဲဒီ ပရိုဂရမ်ကို firewall က သိရှိပြီး ဆက်သွယ် ဖြတ်သန်းခွင့် မပြုထားရင် တားဆီးလိုက်မှာ ဖြစ်တဲ့အပြင်၊ သတိပေးချက် တစ်ခု ပေါ်ထွက်လာမှာ ဖြစ်တယ်။ ဒါကတော့ အဓိက အားဖြင့် လက်ရှိ Malware ကနေ ဗိုင်းရပ်စ်တွေ ပြန့်နှံ့မသွားအောင်(သို့) ဟက်ကာတွေကို ကွန်ပျူတာဆီ ခေါ်မလာအောင် တားဆီးပေးတာ ဖြစ်ပါတယ်။ ဒီသဘောတရား အရ၊ မိမိ ကွန်ပျူတာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့အခါ မိမိ သတိပြုမိလာအောင် အထောက်အကူ ပေးဖို့ ဒုတိယတန်းစား ကာကွယ်ရေးစနစ်အနေနဲ့ ကြိုတင် သတိပေးစနစ် နှစ်မျိုးစလုံးကို firewall က ပံ့ပိုးပေးထားထာ ဖြစ်တယ်။

Firewall ဆော့ဗ်ဝဲ

လက်ရှိ Microsoft Windows ရဲ့ ဗားရှင်းမှာ အလိုအလျှောက် ဖွင့်ထားတဲ့ အသင့်ထည့်သွင်းပြီး Firewall တစ်ခု ပါလာတယ်။ ဒါပေမဲ့၊ Windows Firewall မှာ အကန့်အသတ် အမျိုးမျိုး ရှိနေတယ်။ အထူးသဖြင့် ဆက်သွယ်ရေးလိုင်း အထွက်တွေကို စစ်ဆေးပေးလေ့ မရှိဘူး။ ဒါပေမဲ့၊ တစ်ကိုယ်ရေးသုံး Comodo Firewall လို့ခေါ်တဲ့ အစွမ်းထက်တဲ့ အခမဲ့ ပရိုဂရမ် တစ်မျိုး ရှိတယ်။ ၄င်းက မိမိရဲ့ ကွန်ပျူတာကို ပိုပြီး လုံခြုံမှု ရှိအောင် ကာကွယ်ပေးနိုင်တယ်။

လက်ကမ်း စာစောင်များ - Comodo Firewall လမ်းညွှန် နဲ့ စတင်ပါ

စိတ်မချရတဲ့ ကွန်ရက် ဆက်သွယ်ရေးလိုင်းများကို တားဆီးခြင်း

  • အထိခိုက်မခံတဲ့ လုပ်ငန်းအတွက် လိုအပ်နေတဲ့ ပရိုဂရမ်တွေကိုပဲ ကွန်ပျူတာထဲမှာ ထည့်သွင်းထားပါ။ အဲဒါတွေကို စိတ်ချရတဲ့ အရင်းအမြစ် တစ်ခုခုဆီက ရယူဖို့ လိုတယ်။
  • အင်တာနက်ကို အသုံးမပြုတဲ့အခါ ကွန်ပျူတာနဲ့ အဆက်အသွယ် ဖြတ်ပြီး တစ်ညလုံး ပိတ်ထားပါ။
  • Windows စကားဝှက်ကို ဘယ်သူမှ မသိစေပါနဲ့။
  • အသုံးမပြုတော့တဲ့ 'Windows ဝန်ဆောင်မှုတွေ'ကို ဖွင့်ထားတယ် ဆိုရင် အဲဒါတွေကို ပိတ်လိုက်ပါ။ ဒီအကြောင်းနဲ့ အသေးစိတ်ကို ဆက်လက် ဖတ်ရှုရန် အပိုင်းမှာ လေ့လာ ဖတ်ရှုပါ။
  • ရုံးကွန်ရက်အတွင်းမှာ ရှိတဲ့ ကွန်ပျူတာ အားလုံးမှာ firewall တစ်ခု ထည့်သွင်းထားပါ။
  • တကယ်လို့ မထည့်သွင်းထားသေးဘူး ဆိုရင်၊ ရုံးမှာ ရှိတဲ့ ကွန်ရက် တစ်ခုလုံးကို ကာကွယ်ပေးနိုင်တဲ့ Firewall တစ်ခုခုကို ထည့်သွင်းဖို့ စဉ်းစားပါ။ စီးပွားဖြစ် broadband gateways အတော်များများမှာ သုံးရလွယ်ကူတဲ့ Firewall တစ်ခုကို ထည့်သွင်းပေးထားပြီး အဲဒါကို ဖွင့်ထားခြင်းဖြင့် ကွန်ရက်ကို ပိုပြီး လုံခြုံစေတယ်။ စတင် လုပ်ဆောင်ရမဲ့ နေရာကို မသိရင်၊ ကွန်ရက် တပ်ဆင်တဲ့အခါမှာ အကူအညီပေးတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဆီမှာ အကူအညီ တောင်းခံနိုင်ပါတယ်။

:Snippet

ဆော့ဗ်ဝဲကို နောက်ဆုံးပေါ် အဆင့်မြှင့်ထားခြင်း

ကွန်ပျူတာ ပရိုဂရမ်တွေဟာ တစ်ခါတရံ ကျယ်ပြန့်ပြီး ရှုပ်ထွေးလှတယ်။ ပုံမှန် အသုံးပြုနေတဲ့ ဆော့ဗ်ဝဲ တစ်ချို့မှာ သတိမထားမိတဲ့ ချို့ယွင်းချက်တွေ မလွဲမရှောင်သာ ပါလာတတ်ပြီး အဲဒီ ချို့ယွင်းချက် တချို့က ကွန်ပျူတာရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်။ ဒါပေမဲ့ ဆော့ဗ်ဝဲ စီစဉ် ရေးဆွဲသူတွေက အဲဒီ ချို့ယွင်းချက်တွေကို အမြဲတမ်း စစ်ဆေးနေကြပြီး ချို့ယွင်းချက်တွေကို ပြင်ဆင်ထားတဲ့ မွမ်းမံချက်တွေကို ထုတ်ပြန်ပေးနေကြတယ်။ အဲဒါကြောင့် ကွန်ပျူတာထဲက ဆော့ဗ်ဝဲ အားလုံးနဲ့ operating system ကို မကြာခဏ မွမ်းမံပေးဖို့ လိုအပ်တယ်။ အကယ်လို့ Windows ဟာ သူ့ဟာသူ အလိုအလျောက် မွမ်းမံချက် မလုပ်ဘူး ဆိုရင်၊ Start မီနူးကို နှိပ်၊ All Programs ကို ရွေးပြီး Windows Update ကို နိုပ်ပါ။ Internet Explorer ပွင့်လာမှာ ဖြစ်ပြီး၊ Automatic Updates အင်္ဂါရပ်ကို ဖွင့်ပေးတဲ့ Microsoft Update စာမျက်နှာဆီကို ခေါ်သွားမှာ ဖြစ်တယ်။ ဒီအကြောင်း ဆက်လက် လေ့လာဖို့ ဆက်လက် ဖတ်ရှုရန် အပိုင်းကို ဖတ်ရှုပါ။

အလားတူပဲ၊ မိမိကွန်ပျူတာထဲမှာ ထည့်သွင်းထားတဲ့ တခြား ဆော့ဗ်ဝဲ အားလုံးကို မွမ်းမံထားဖို့ အရေးကြီးတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ မိမိကွန်ပျူတာထဲမှာ ထည့်သွင်းထားတဲ့ ဆော့ဗ်ဝဲတွေကို သိထားရမှာ ဖြစ်ပြီး မလိုအပ်တဲ့ ဆော့ဗ်ဝဲတွေကို (Windows မှာ Control Panel ကို သွား၊ Programs or Add/Remove Programs ကို သွားပြီး) ဖယ်ထုတ်ဖို့ လိုအပ်မှာ ဖြစ်တယ်။ အဲဒီနောက် ပရိုဂရမ် တစ်ခုစီကို နောက်ဆုံးထွက် ဗားရှင်း ဟုတ်မဟုတ်၊ မွမ်းမံနိုင်တဲ့ နည်းလမ်းတွေကို ပြန်စစ်ဆေးလိုက်ပါ။ နောက်ပိုင်းမှာတော့ သူတို့ဟာ သူတို့ အလိုအလျောက် မွမ်းမံသွားမှာ ဖြစ်တယ်။

အခမဲ့ ဆော့ဗ်ဝဲနဲ့ FOSS ကိရိယာများကို အမြဲတမ်း အဆင့်မြှင့်ထားခြင်း

စီးပွားဖြစ် ဆော့ဗ်ဝဲတွေမှာ မွမ်းမံချက်တွေကို မထည့်သွင်းမီ အဲဒီ ဆော့ဗ်ဝဲတွေကို တရားဝင် ဝယ်ယူထားတာ ဟုတ်မဟုတ် သက်သေ အထောက်အထားကို တောင်းဆိုလေ့ရှိတယ်။ ဥပမာ အားဖြင့် အကယ်လို့ ခိုးကူးထားတဲ့ Microsoft Windows တစ်ခုကို အသုံးပြုနေတယ် ဆိုရင် သူ့အလိုလို မွမ်းမံလို့ ရမှာ မဟုတ်သလို မိမိရဲ့ အချက်အလက်တွေကိုလည်း အန္တရာယ် ကျရောက်စေနိုင်တယ်။ တရားဝင် လိုင်စင် မရှိတဲ့အတွက် မိမိနဲ့ တခြားသူတွေကို အန္တရာယ် ဖြစ်စေနိုင်တယ်။ တရားမဝင်တဲ့ ဆော့ဗ်ဝဲကို အသုံးပြုခြင်းဖြင့် နည်းပညာနဲ့ မသက်ဆိုင်တဲ့ အန္တရာယ်တွေကိုလည်း ကျရောက်စေနိင်တယ်။ နိုင်ငံအတော်များများမှာ ရှိတဲ့ အာဏာပိုင်တွေဟာ အဖွဲ့အစည်းတွေမှာ အသုံးပြုနေကြတဲ့ ဆော့ဗ်ဝဲတွေကို တရားဝင် ဟုတ်မဟုတ် ပိုပြီး စစ်ဆေးလာကြတယ်။ ပုလိပ်တွေက 'ဆော့ဗ်ဝဲ ခိုးကူးမှု'နဲ့ ကွန်ပျူတာတွေကို သိမ်းဆည်းပြီး အဖွဲ့အစည်းတွေကိုပါ ပိတ်ပစ်ကြတယ်။ တချို့နိုင်ငံတွေမှာ နိုင်ငံရေးအရ ပတ်သက်မှု ရှိတဲ့ အဖွဲ့အစည်း တစ်ခုခုရဲ့ လုပ်ငန်းကို အရေးယူတဲ့ အနေနဲ့ အာဏာပိုင်တွေက မတရားသဖြင့် ပြုကျင့်တာတွေ အလွယ်တကူ ခံရနိုင်တယ်။ ကံကောင်းတာကတော့၊ ဒီလို လုပ်ရပ်တွေကနေ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ စျေးဖိုးကြီးတဲ့ ဆော့ဗ်ဝဲကို ဝယ်ယူနေစရာ မလိုတော့ဘူး။

လက်ရှိ အသုံးပြုနေတဲ့ စီးပွားဖြစ် ဆော့ဗ်ဝဲတွေ၊ အထူးသဖြင့် လိုင်စင် မပါတဲ့ ပရိုဂရမ်တွေကို အသုံးပြုနေမဲ့အစား အခမဲ့ ဆော့ဗ်ဝဲ (သို့) တခြား FOSS ဆော့ဗ်ဝဲတွေကို စမ်းသပ် အသုံးပြုဖို့ ကျွန်တော်တို့ အထူး အကြံပြုလိုတယ်။ အခမဲ့ ဆော့ဗ်ဝဲ နဲ့ FOSS ကိရိယာတွေကို စေတနာ့ရှင်တွေက မကြာခဏ ရေးသားကြ၊ မွမ်းမံပေးနေကြပြီး၊ အခကြေးမယူတဲ့ အဖွဲ့အစည်းတွေက အခမဲ့ ထုတ်ဝေ ဖြန့်ချိပေးနေကြတယ်။ FOSS ကိရိယာတွေကို အထူးသဖြင့် စီးပွားဖြစ်ဆော့ဗ်ဝဲတွေထက် ပိုပြီး လုံခြုံမှု ရှိတယ်လို့ မှတ်ယူထားကြတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ ဆော့ဗ်ဝဲတွေရဲ့ အရင်းအမြစ်ကုဒ်တွေကို ကျွမ်းကျင်သူတွေ ပါဝင်တဲ့အဖွဲ့ကို လွတ်လွတ်လပ်လပ် စစ်ဆေးခွင့် ပေးတဲ့အပြင် ဘယ်သူမဆို ချို့ယွင်းချက်ကို ဖော်ထုတ်နိုင်၊ ဖြေရှင်းနိုင်အောင် စီမံရေးသားနေကြတဲ့အတွက် ဖြစ်တယ်။

FOSS ကိရိယာ အတော်များများဟာ သူတို့ အစားထိုးလိုက်တဲ့ စီးပွားဖြစ် ဆော့ဗ်ဝဲလိုပဲ လုံးဝနီးပါး ပုံစံလည်း တူ အလုပ်လုပ်တဲ့ ပုံစံလည်း တူညီကြတယ်။ အလားတူ အဲဒီ ပရိုဂရမ်တွေကို Windows operating system အပါအဝင် စီးပွားဖြစ် ဆော့ဗ်ဝဲနဲ့ ဘာပြဿနာမှ မရှိဘဲ တပြိုင်ထဲ အသုံးပြုနိုင်တယ်။ အကယ်လို့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေက စီးပွားဖြစ် ပရိုဂရမ် တစ်ခုခုကို ဆက်ပြီး အသုံးပြုလိုတယ် ဆိုရင် ဖိုင်တွေကို သူတို့နဲ့ အလွယ်တကူ ဖလှယ်နိုင်ပြီး အချက်အလက်တွေ ဝေမျှနိုင်တယ်။ အထူးသဖြင့်၊ Internet Explorer, Outlook (သို့) Outlook Express နဲ့ Microsoft Office တို့ကို မီးလျှံမြေခွေး၊ မိုးကြိုးငှက်၊ LibreOffice တို့ အသီးသီးနဲ့ အစားထိုးနိုင်တယ်။

အမှန်တကယ်ပဲ၊ Microsoft Windows operating system ကနေ အပြီးအပိုင် စွန့်ခွာပြီး GNU/Linux လို့ခေါ်တဲ့ ပိုမိုလုံခြုံတဲ့ တခြား FOSS ဆော့ဗ်ဝဲကို စမ်းပြီး အသုံးပြုနိုင်တယ်။ ဒီလိုပြောင်းလဲ အသုံးပြုဖို့ အဆင်သင့် ဖြစ်တယ် မဖြစ်ဘူး သိနိုင်တဲ့နည်း အကောင်းဆုံးနည်းကတော့ ကိုယ်တိုင် စမ်းသုံးကြည့်ဖို့ပဲ ဖြစ်တယ်။ Ubuntu Linux ရဲ့ LiveCD ကို ဒေါင်းလုဒ် ဆွဲယူပြီး၊ CD (သို့) DVD ထဲ ကူးရေးပါ၊ ကွန်ပျူတာထဲမှာ ထည့်ပြီး restart လုပ်လိုက်ပါ။ စက်ဖွင့်လာတဲ့အခါ ကွန်ပျူတာဟာ GNU/Linux ကတဆင့် ဖွင့်လာမှာ ဖြစ်ပြီး ဆက်လုပ်ရမဲ့ အဆင့်ဆင့်တွေကို ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ စိတ်မပူပါနဲ့။ ဒါအမြဲတမ်း အတွက် မဟုတ်ပါဘူး။ ပြီးသွားတဲ့အခါ ကွန်ပျူတာကို ပိတ်ပြီး Ubuntu LiveCD ကို ထုတ်လိုက်ပါ။ ကွန်ပျူတာကို ပြန်ဖွင့်တဲ့အခါ၊ Windows ပွင့်လာမှာ ဖြစ်ပြီး Applications တွေ၊ settings နဲ့ ဒေတာတွေ အားလုံးကတော့ မိမိထားခဲ့တဲ့ နဂိုအတိုင်း ရှိနေကြမှာ ဖြစ်တယ်။ ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲတွေရဲ့ လုံခြုံရေးဆိုင်ရာ အကျိုးကျေးဇူးတွေထဲမှာ၊ Ubuntu ဟာ အခမဲ့လည်း ဖြစ်၊ မွမ်းမံရ လွယ်ကူတဲ့ ကိရိယာ ဖြစ်ပြီး၊ မိမိရဲ့ operating system နဲ့ တခြား ဆော့ဗ်ဝဲတွေကို ရက်လွန်သွားတာတို့၊ လုံခြုံရေး အားနည်းတာတို့ မရှိအောင် မွမ်းမံပေးနိုင်တယ်။

ဆက်လက် ဖတ်ရှုရန်