ဆက်သွယ်ရေး › မတ်စေ့ချ် အက်ပလီကေးရှင်းများအား ပိုမိုလုံခြုံစွာအသုံးပြုခြင်း

မတ်စေ့ချ် အက်ပလီကေးရှင်းများအား ပိုမိုလုံခြုံစွာအသုံးပြုခြင်း

နောက်ဆုံးပြင်ဆင်ထားသော 25 June 2025

မာတိကာ

...မာတိကာ စတင်နေသည်...

    ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြတဲ့ အလွတ်သဘောနဲ့ ချက်ချင်းဆက်သွယ်နိုင်သော မက်ဆေ့ချ်အက်ပ်တွေဟာ စာသားနဲ့ အသံမက်ဆေ့ချ်တွေကို ချက်ချင်းဖလှယ်နိုင်စေရုံသာမက ဖိုင်မျှဝေခြင်း၊ အသံနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေ၊ အုပ်စုလိုက် စကားပြောဆိုမှုတွေနဲ့ အစည်းအဝေးတွေကိုပါ ပြုလုပ်နိုင်ပါတယ်။

    လူသိများပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြသော်လည်း မက်ဆေ့ချ်အက်ပ်အများစုသည် သင်၏အရေးကြီးဆုံး ဆက်သွယ်ရေးများကို အန္တရာယ်အမျိုးမျိုးနဲ့ ထိတွေ့စေနိုင်သည့် ကိုယ်ရေးကိုယ်တာလုံခြုံမှုနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများရှိပါသည်။ ဥပမာ- သင်၏မက်ဆေ့ချ်များကို ပြောင်းလဲပစ်ခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ပြင်ပအဖွဲ့အစည်းများမှ ဝင်ရောက်ကြည့်ရှုခြင်းများကို ပြုလုပ်နိုင်ပါသည်။ ထို့အတွက်ကြောင့် အထူးသဖြင့် အရေးကြီးသည့်အချက်အလက်များကို ပေးပို့သည့်အခါ မည်သည့်မက်ဆေ့ချ်အက်ပ်မျိုးကို အသုံးပြုသင့်သလဲ၊ မသုံးသင့်ဘူးလဲဆိုတာကို မဆုံးဖြတ်ခင်မှာ သင်၏ လိုအပ်ချက်နဲ့ ရည်မှန်းချက်များကို အရင်ဆုံး သေချာစဉ်းစားရပါမည်။

    ဤလမ်းညွှန်တွင် သင်၏အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ရေးအတွက် မည်သည့်ကိရိယာများသည် အကောင်းဆုံးဖြစ်ကြောင်း သေချာဆုံးဖြတ်နိုင်ရန် သင်ကိုယ်တိုင်မေးနိုင်သည့် မေးခွန်းများ၊ သင်၏လိုအပ်ချက်နှင့်ကိုက်ညီသော အကောင်းဆုံးအက်ပ်များကို ရွေးချယ်ပုံနှင့် ၎င်းတို့ကို အလုံခြုံဆုံးနည်းလမ်းဖြင့် အသုံးပြုပုံဆိုင်ရာ အကြံပြုချက်များကို တွေ့ရှိရပါမည်။

    သင်၏ဆက်သွယ်ရေး မည်မျှ အရေးကြီးသည်၊ သင်၏လိုအပ်ချက်အတွက် မက်ဆေ့ဂျ်အက်ပ် သို့မဟုတ် အခြားဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြုသင့်သည်ကို ဆုံးဖြတ်ရန် ကျွန်ုပ်တို့၏ အွန်လိုင်းဆက်သွယ်ရေး လျှို့ဝှက်ချက်ကို မည်သို့ကာကွယ်ရမည်နည်း လမ်းညွှန် ကို ဖတ်ရှုပါ

    သင့်လိုအပ်ချက်များပေါ်မူတည်ပြီး ဘယ်ကိရိယာက သင့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပါ

    ဤကဏ္ဍတွင်ပါဝင်သော မေးခွန်းများကို ဖြေဆိုပြီး သင်၏အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ရေးအတွက် မည်သည့်စာတိုပေးပို့ရေးအက်ပ်များကို အသုံးပြုနိုင်ကြောင်း ဆုံးဖြတ်ပါ။

    1. ဘာတွေကို ဖလှယ်ဖို့ လိုအပ်ပါသလဲ။
      • အက်ပ်အချို့သည် စာသားဖြင့်သာ စကားပြောဆိုခွင့်ပေးသော်လည်း မက်ဆေ့ချ်ပို့ခြင်းကိရိယာအများစုမှာ အသံမက်ဆေ့ချ်များ၊ ဖိုင်များ၊ ရုပ်ပုံများ၊ ဗီဒီယိုများ၊ အီမိုဂျီ နှင့် စတစ်ကာများ ဖလှယ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။ အချို့ကိစ္စများတွင် ၎င်းတို့ကို အခြားသူတစ်ဦးနှင့်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အသံနှင့် ဗီဒီယိုခေါ်ဆိုမှုများအတွက်လည်း အသုံးပြုနိုင်ပါသည်။ သင်အသုံးပြုသည့် မက်ဆေ့ချ်ကိရိယာများ ရွေးချယ်မှုသည် သင်မည်သို့ဆက်သွယ်ရန် လိုအပ်သည်အပေါ် မူတည်ပါသည်။
    2. တစ်ဦးချင်းစီနှင့်သာ စကားပြောရန် လိုအပ်ပါသလား၊ သို့မဟုတ် အဖွဲ့လိုက် ဆက်သွယ်ရန် လိုအပ်ပါသလား။
      • အကယ်၍ သင်သည် တစ်ဦးချင်းစီနှင့် ထိရှလွယ်သောအချက်အလက်များကို မျှဝေရန် လိုအပ်ပါက၊ လက်ငင်းစာတိုပေးပို့ရေးကိရိယာအများစုသည် သင့်အတွက် အဆင်ပြေနိုင်ပါသည်။ သို့သော် သင့်ဆက်သွယ်မှုများသည် အဖွဲ့လိုက်အတွက် လိုအပ်ပါက၊ အဖွဲ့လိုက် စာတိုပေးပို့ခြင်းကို ခွင့်ပြုသည့်အက်ပ်များကို ရှာဖွေပြီး အဖွဲ့များ မည်မျှအထိ ကြီးနိုင်သည်ပေါ်ကိုမူတည်ပြီး ရှာဖွေရွေးချယ်အသုံးပြုသင့်သည် (skip to point 9 to reflect on your group chats)။
    3. သင့် သို့မဟုတ် သင့်နှင့် ဆက်သွယ်သူများတွင် မက်ဆေ့ချ်ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သီးခြားနည်းပညာဆိုင်ရာ လိုအပ်ချက်များ ရှိပါသလား။
      • သင့်အနေဖြင့် သင်နှင့် စကားပြောဖော်များ အသုံးပြုသည့် မည်သည့်စက်ပစ္စည်းအမျိုးအစားများနှင့် လည်ပတ်မှုစနစ်များမှာမဆို သင်အသုံးပြုလိုသော ချက်အက်ပ်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသလား။
      • သင်၏ စက်ပစ္စည်းများတွင် အက်ပ် သို့မဟုတ် အခြားဆော့ဖ်ဝဲလ်များကို ထည့်သွင်းနိုင်ပါသလား။
        • တတ်နိုင်သည်ဆိုလျှင် မက်ဆေ့ချ်ပို့သည့် ကိရိယာကို မတပ်ဆင်မီ သင်ယုံကြည်စိတ်ချနိုင်သော ဆော့ဖ်ဝဲလ်နှင့် ဝန်ဆောင်မှုပေးသူ ဟုတ်မဟုတ် သေချာပါစေ(see point 7 to reflect on how to trust an app)။
        • အကယ်၍ သင်သည် အက်ပ်ကို မယုံကြည်နိုင်ပါက သို့မဟုတ် သင်၏စနစ်တွင် ထည့်သွင်း၍မရပါက၊ မက်ဆေ့ချ်ပို့သည့်ကိရိယာကို ဘရောက်ဇာမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ခြင်းရှိမရှိ စစ်ဆေးပြီး လုံခြုံသောဘရောက်ဆာ မှတစ်ဆင့် ဝက်ဘ်မျက်နှာပြင်ကို အသုံးပြုရန် စဉ်းစားပါ။
    4. သင့်အနေနဲ့ အသုံးပြုလိုတဲ့ မက်ဆေ့ချ်ပို့တဲ့ကိရိယာဟာ မှတ်ပုံတင်ဖို့ လိုအပ်ပါသလား။ သင်ဟာ အကောင့်တစ်ခုကို မှတ်ပုံတင်ဖို့ ဆန္ဒရှိပါသလား။ သင်နဲ့ သင်၏သူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ မှတ်ပုံတင်ဖို့အတွက် အီးမေးလ် ဒါမှမဟုတ် ဖုန်းနံပါတ်တစ်ခုကို အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါသလား။
    5. သင်၏ မတ်ဆေ့ချ်များကို အစအဆုံးဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်ရန်လိုအပ်ပါသလား။
      • အကယ်၍ သင့်အနေဖြင့် အရေးကြီးသောအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မျှဝေရန် လိုအပ်ပြီး၊ သင့်ကိုယ်ပိုင်ဆာဗာများတွင် မက်ဆေ့ချ်ပို့သည့်ကိရိယာကို ကိုယ်တိုင်စီမံခန့်ခွဲခြင်းမပြုပါက၊ သင့်မက်ဆေ့ချ်များသည် နဂိုအားဖြင့် အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်ထားကြောင်း သို့မဟုတ် အနည်းဆုံးတော့ အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းသည် သင်၏အရေးကြီးဆုံးစကားပြောဆိုမှုများအတွက် ဖွင့်ထားနိုင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း သေချာစေသင့်ပါသည်။
      • အကယ်၍ အရေးကြီးသော အချက်အလက်များကို အဖွဲ့လိုက် မျှဝေရန် လိုအပ်ပါက၊ အဖွဲ့လိုက်ချက်များကိုလည်း အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
      • အကယ်၍ သင်သည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် အရေးကြီးသော အချက်အလက်များကို မျှဝေမည့်အသံ သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများအတွက် မက်ဆေ့ချ်အက်ပ်ကို အသုံးပြုမည်ဆိုပါက ၎င်းတို့ကိုအစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်ထားပါ။ အခြားနည်းလမ်းအနေဖြင့် သင်ကိုယ်တိုင် သို့မဟုတ် သင်ယုံကြည်သူတစ်ဦးက စီမံခန့်ခွဲနိုင်သည့် ဟိုစ့်လုပ်နိုင်သည့် ကိရိယာကို ရွေးချယ်ပါ။
    6. အချို့အချိန်ကာလတစ်ခုပြီးနောက် သင့်စကားပြောဆိုမှုများကို အလိုအလျောက် ပျောက်ကွယ်သွားအောင် သတ်မှတ်ထားနိုင်ပါသလား။
      • အကယ်၍ သင်သည် အရေးကြီးသော အချက်အလက်များကို တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် မျှဝေမည်ဆိုပါက သင်အသုံးပြုမည့် မက်ဆေ့ချ်ကိရိယာသည် သတ်မှတ်ထားသော အချိန်ကာလတစ်ခုပြီးနောက် လက်ခံရရှိသည့် စက်အားလုံးတွင် စကားပြောဆိုမှုများကို အလိုအလျောက် ဖျက်ပစ်နိုင်ကြောင်း သေချာပါစေ။ ဤနည်းအားဖြင့်၊ စက်ပစ္စည်းတစ်ခု ဆုံးရှုံးသွားခြင်း၊ ခိုးယူခံရခြင်း သို့မဟုတ် သိမ်းဆည်းခံရခြင်းတို့ ဖြစ်ခဲ့ပါက ထိုစက်ပစ္စည်းပိုင်ရှင်နှင့် မျှဝေခဲ့သော အရေးကြီးအချက်အလက်များကို မည်သူမျှ ရယူနိုင်တော့မည်မဟုတ်ပါ။
    7. မက်ဆေ့ချ်အက်ပ်၏ ဝန်ဆောင်မှုပေးသူကို သင်ယုံကြည်နိုင်ပါသလား။ သင်အသုံးပြုမည့် မက်ဆေ့ချ်ကိရိယာသည် သင်လိုအပ်သည့် လုပ်ဆောင်ချက်အားလုံးကို ပေးစွမ်းနိုင်ရင်တောင် သင့်ကိုယ်ရေးကိုယ်တာနှင့် သင့်ဆက်သွယ်မှုများ၏ လျှို့ဝှက်ချက်ကို လေးစားရန် ထိုကိရိယာ၏ ဝန်ဆောင်မှုပေးသူကို သင်ယုံကြည်နိုင်ဖို့က အရေးကြီးပါသည်။ အထူးသဖြင့် သင့်ကိုယ်သင် အောက်ပါမေးခွန်းများကို မေးသင့်သည်:
      • သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ – မက်ဆေ့ချ်အက်ပ်တစ်ခုကို ယုံကြည်စိတ်ချရကြောင်း သေချာစေဖို့ ပထမဆုံး လေ့လာရမှာက အဲဒီအက်ပ်နောက်ကွယ်က ရည်ရွယ်ချက်တွေပါ။ လုံခြုံတဲ့ ဆက်သွယ်ရေးပလက်ဖောင်းတစ်ခု ပေးနိုင်ဖို့ ဖန်တီးထားတာလား၊ ဒါမှမဟုတ် စီးပွားရေးရည်ရွယ်ချက်နဲ့လား။ စီးပွားဖြစ်ဝန်ဆောင်မှုတစ်ခုဆိုရင်ကော ကုမ္ပဏီရဲ့ စီးပွားရေးပုံစံက ဘာလဲ။
      • ဒေတာတွေကိုသိမ်းဆည်းထားပါသလား။ – သင့်မက်ဆေ့ချ်များကို အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ မက်ဆေ့ချ်အက်ပ်အများစုသည် သင့်နှင့် သင်၏အဆက်အသွယ်ကွန်ရက်နှင့်ပတ်သက်သော အချက်အလက်များစွာကို ရယူနိုင်ဆဲဖြစ်ပါသည်။ ၎င်းတို့သည် မည်သည့်ဒေတာကို သိမ်းဆည်းထားပြီး မည်မျှကြာကြာ သိမ်းဆည်းထားသည်ကို သင့်ကိုယ်သင် မေးပါ။အခုမဟုတ်လည်းနောင်ကျလျှင် နိုင်ငံတော်အာဏာပိုင်များသည် စုံစမ်းစစ်ဆေးမှုတစ်ခုခုအတွက် ၎င်းတို့အသုံးပြုသူတစ်ဦး၏ ဒေတာကို ပေးအပ်ရန် မက်ဆေ့ချ်အက်ပ်ဝန်ဆောင်မှုပေးသူကို တောင်းဆိုလာနိုင်သည်။ အထူးသဖြင့် မက်ဆေ့ချ်အက်ပ်ကို စီးပွားရေးလုပ်ငန်းတစ်ခုက စီမံခန့်ခွဲပါက ၎င်းတို့သည် လုပ်ငန်းဆက်လက်လုပ်ဆောင်နိုင်ရန် စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ၎င်းတို့သည် သင်၏ဆက်သွယ်မှုများနှင့် အဆက်အသွယ်များနှင့်ပတ်သက်သော အချက်အလက်များကို ၎င်းတို့၏ဆာဗာများတွင် တတ်နိုင်သမျှ အနည်းဆုံးထားရှိခြင်းဖြင့် သင့်ဒေတာကို ပေးအပ်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ ၎င်းတို့သည် မှတ်တမ်းများကို သိမ်းဆည်းထားခြင်းရှိမရှိ သိရှိနိုင်ရန် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာမူဝါဒနှင့် ဝန်ဆောင်မှုစည်းကမ်းချက်များကို စစ်ဆေးပါ။ ၎င်းတို့၏သမိုင်းကြောင်းကိုလည်း စစ်ဆေးပါ- ၎င်းတို့သည် နိုင်ငံတော်အာဏာပိုင်များထံမှ အချက်အလက်တောင်းဆိုမှုများကို လက်ခံရရှိခဲ့ဖူးပါသလား။ ၎င်းတို့က မည်သို့တုံ့ပြန်ခဲ့ပါသလဲ။
      • အဲဒါက ဘယ်မှာ အခြေစိုက်သလဲ။ – ဝန်ဆောင်မှုပေးသူရဲ့ ရုံးချုပ်နဲ့ ဆာဗာတွေဟာ သင့်နိုင်ငံက အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကို လိုက်နာရမယ့် နေရာမှာ ရှိပါသလား။ ပြီးတော့ အဲဒီအစိုးရဟာ လူ့အခွင့်အရေးနဲ့ စားသုံးသူကာကွယ်ရေးကို အကောင်အထည်ဖော်နေတာ ဟုတ်ပါသလား။ အထူးသဖြင့် သင့်အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းတဲ့ လှုပ်ရှားမှုတွေအတွက် ဆက်သွယ်ရေးကို လုံခြုံစေဖို့ အက်ပ်ကို အသုံးပြုနေတယ်ဆိုရင် ဝန်ဆောင်မှုပေးသူက သင့်ရဲ့ကိုယ်ရေးကိုယ်တာနဲ့ အခွင့်အရေးတွေကို လေးစားပါ့မလား၊ သင့်နိုင်ငံရဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိအားပေးခံရမလားဆိုတာ သိဖို့ အရေးကြီးပါတယ်။
    8. ဆော့ဖ်ဝဲလ်ကို သင်ယုံကြည်နိုင်ပါသလား။ သင်အသုံးပြုမည့် မက်ဆေ့ချ်ကိရိယာသည် သင်လိုအပ်သော လုပ်ဆောင်ချက်အားလုံးကို ပေးစွမ်းနိုင်ရင်တောင် ဆာဗာအတွက် အသုံးပြုသည့် ဆော့ဖ်ဝဲလ်၊ သင့်စက်ပစ္စည်းများတွင် ထည့်သွင်းမည့် အက်ပ်ကိုတည်ဆောက်ရန်နှင့် သင့်စကားပြောဆိုမှုများကို ဝှက်စာစနစ်ပြုလုပ်ရန်အတွက် အသုံးပြုသည့် ဆော့ဖ်ဝဲလ်ကို သင်ယုံကြည်နိုင်ခြင်းက အရေးကြီးပါသည်။ အထူးသဖြင့် သင့်ကိုယ်သင် အောက်ပါမေးခွန်းများကို မေးသင့်သည်:
      • မက်ဆေ့ချ်များကို ဝှက်စာစနစ်ပြုလုပ်ရန် အက်ပ်က ဘယ်ဆော့ဖ်ဝဲလ်ကို အသုံးပြုပါသလဲ။
      • ဆော့ဖ်ဝဲလ်က ရင့်ကျက်ပြီလား။
      • အက်ပ်နှင့် ဆာဗာ နှစ်ခုစလုံးသည် အခမဲ့နှင့် ပွင့်လင်းမြင်သာသောဆော့ဖ်ဝဲလ်ပေါ်တွင် အခြေခံထားပါသလား။
      • အက်ပ်နှင့် ဆာဗာ နှစ်ခုလုံးကို စာရင်းစစ်ဝင်ထားခြင်းရှိပါသလား။ – မက်ဆေ့ချ်အက်ပ်တစ်ခုက ၎င်း၏အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာနှင့် ဆက်သွယ်ရေးများကို ကာကွယ်ပေးမည်ဆိုခြင်းကို သေချာစေရန် နည်းလမ်းတစ်ခုမှာ ယုံကြည်စိတ်ချရပြီး လွတ်လပ်သော ပြင်ပအဖွဲ့အစည်းများမှ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်း ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။ မက်ဆေ့ချ်အက်ပ်တစ်ခုက ပေးအပ်သည့် ကာကွယ်မှုသည် ဆော့ဖ်ဝဲလ်နှင့် ၎င်း၏ဆာဗာများကို မည်သို့စီမံခန့်ခွဲထားသည်ဆိုသည့်အပေါ်တွင် မူတည်နေသောကြောင့် ၎င်းသည် လုံခြုံမှုရှိသည်ဟု တကယ်တမ်း သေချာစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန်ဖြစ်သည်။ ၎င်းသည် စစ်ဆေးမှုများ ပြုလုပ်ခြင်းရှိမရှိ၊ နောက်ဆုံး မည်သည့်အချိန်က စစ်ဆေးခဲ့သည်နှင့် ဆာဗာများကိုပါ စစ်ဆေးခဲ့ခြင်း ရှိမရှိကို စစ်ဆေးပါ။ အကယ်၍ ဝန်ဆောင်မှုပေးသူသည် ၎င်းတို့၏ အက်ပ်များကိုသာ စစ်ဆေးပြီး နောက်ကွယ်မှ အခြေခံအဆောက်အအုံကို စစ်ဆေးခြင်းမရှိပါက သင်၏ဒေတာများသည် ၎င်းတို့၏ဆာဗာများမှတစ်ဆင့် ဖြတ်သန်းသွားသည့်အခါ ၎င်းတို့ ဘာလုပ်သည်ကို သင်သေချာမသိနိုင်ပါ။
    9. အကယ်၍ သင်သည် အဖွဲ့များကို ဖန်တီးရန် လိုအပ်ပါက၊ အောက်ပါမေးခွန်းများကို သင့်ကိုယ်သင် မေးပါ:
      • သင့်အဖွဲ့လိုက်ချက်ဂရုများသို့ လူမည်မျှ ပါဝင်နိုင်သင့်ပါသလဲ။ အဖွဲ့တစ်ခုသို့ ပါဝင်နိုင်သည့် လူဦးရေသည် သင်အသုံးပြုသည့် မက်ဆေ့ချ်ကိရိယာပေါ်တွင် အများအားဖြင့် မူတည်နေသည်ကို ထည့်သွင်းစဉ်းစားပါ။
      • အဖွဲ့ထဲကို ဘယ်သူဝင်နိုင်လဲဆိုတာကို သင်ထိန်းချုပ်လိုပါသလား။ ပါဝင်သူတွေကို မှတ်ပုံတင်ခိုင်းသင့်လား၊ ဒါမှမဟုတ် မှတ်ပုံတင်စရာမလိုဘဲ ပါဝင်နိုင်စေချင်ပါသလား။
      • သင်သည် သီးခြားစီမံခန့်ခွဲမှုနှင့် ထိန်းညှိပေးမှုလုပ်ဆောင်ချက်များကို လိုအပ်ပါသလား။ ဥပမာအားဖြင့်၊ အဖွဲ့သို့ မည်သူစာရေးနိုင်သည်ကို သင်ထိန်းချုပ်လိုပါသလား။ သင်ရွေးချယ်ထားသော အက်ပ်သည် ဤရွေးချယ်မှုများကို ခွင့်ပြုပါသလား။
      • သင့်အနေဖြင့် ပိုမိုကျယ်ပြန့်သော ပရိသတ်ထံသို့ ကြေညာချက်များ ပေးပို့ရန် သို့မဟုတ် လူတိုင်းရေးနိုင်၊ ဖိုင်များမျှဝေနိုင်၊ အစည်းအဝေးများသို့ ပါဝင်နိုင်သည့် စကားဝိုင်းများကို ဖန်တီးရန် လိုအပ်ပါသလား။ ထိုအက်ပ်သည် အသုံးပြုမှုပုံစံ နှစ်မျိုးလုံးကို ခွင့်ပြုပါသလား။
      • အဖွဲ့များနှင့် လျှို့ဝှက်အချက်အလက်များ ဖလှယ်ရန် လိုအပ်ပါသလား။ လိုအပ်ပါက၊ ထိုအက်ပ်သည် အဖွဲ့လိုက်စကားဝိုင်းများကို အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်ပေးပြီး သတ်မှတ်ထားသော အချိန်ကာလတစ်ခုအကြာတွင် မက်ဆေ့ချ်များကို အလိုအလျောက် ဖျက်ပေးပါသလား။
      • သင်သည် ဗီဒီယိုခေါ်ဆိုမှုများအတွက် အက်ပ်ကို အသုံးပြုရန် လိုအပ်ပါသလား သို့မဟုတ် ချက်လုပ်ဆောင်ချက်များအတွက်သာ လိုအပ်ပါသလား။
      • သင့်အနေနဲ့ အဖွဲ့လိုက်စကားဝိုင်းတွေကို အကြောင်းအရာအလိုက် စုစည်းနိုင်ပါ့မလား။ အထူးသဖြင့် အဖွဲ့လိုက် ဆက်သွယ်မှုအချို့ဟာ ချန်နယ်တစ်ခုတည်းမှာ လိုက်ကြည့်ဖို့ ခက်ခဲနိုင်တဲ့ မတူညီတဲ့ အကြောင်းအရာများစွာနဲ့ ဆက်စပ်နေတတ်ပါတယ်။ အချို့သော မက်ဆေ့ချ်အက်ပ်တွေက သင့်ရဲ့အဖွဲ့လိုက်ဆက်သွယ်မှုတွေကို မတူညီတဲ့ အကြောင်းအရာတွေအလိုက် ခွဲခြားနိုင်စေတာကြောင့် သီးခြားချန်နယ်တစ်ခုစီမှာ စကားဝိုင်းတစ်ခုချင်းစီကို လိုက်ကြည့်နိုင်ပြီး သင့်အလုပ်အတွက် အရေးအကြီးဆုံး အကြောင်းအရာတွေအပေါ် အာရုံစိုက်နိုင်ပါတယ်။

    သင်၏လိုအပ်ချက်များကို အကောင်းဆုံးတုံ့ပြန်နိုင်သည့် မက်ဆေ့ချ်ကိရိယာများကို ရွေးချယ်ပါ

    ဤလမ်းညွှန်အစတွင်ရှိသော မေးခွန်းများအတွက် သင့်အဖြေများအပေါ် အခြေခံ၍ သင့်လိုအပ်ချက်များကို အကောင်းဆုံးတုံ့ပြန်နိုင်မည့် မက်ဆေ့ချ်ကိရိယာများကို ရှာဖွေနိုင်ပါသည်။ သင်၏ ဆက်သွယ်မှုများ၏ အရေးကြီးမှုအဆင့် ပေါ်မူတည်၍ မက်ဆေ့ချ်အက်ပ်တစ်ခုထက်ပို၍ အသုံးပြုလိုသည်ကို ထည့်သွင်းစဉ်းစားပါ။

    အခါအားလျော်စွာ၊ သင်သည် လုံခြုံမှုနည်းသော ချတ်အက်ပ်များကို အသုံးပြုရန် လိုအပ်နိုင်ပါသည်။ ဥပမာအားဖြင့်၊ ထိုပလက်ဖောင်းများမှတစ်ဆင့် ဆက်သွယ်နေပြီးဖြစ်သည့် အဖွဲ့တစ်ခုနှင့် သင်လုပ်ကိုင်နေရခြင်းကြောင့်ဖြစ်သည်။ ထိုကဲ့သို့အခြေအနေမျိုးတွင်၊ လူသုံးအများဆုံး မက်ဆေ့ချ်အက်ပ်များအတွက် ကျွန်ုပ်တို့ အကြံပြုထားသည့် အကောင်းဆုံးလုပ်ဆောင်မှုအချို့ကို ပြန်လည်သုံးသပ်ပြီး အကောင်အထည်ဖော်ခြင်းသည် ကောင်းမွန်သော အကြံတစ်ခုဖြစ်ပါသည်။

    ကျွန်ုပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    ချက်ဝန်ဆောင်မှုများသည် သင့်တည်နေရာ၊ လှုပ်ရှားမှု၊ အကြောင်းအရာနှင့် သင်မည်သူနှင့် ဆက်သွယ်နေသည်ဟူသော အချက်အလက်များကို ဝင်ရောက်ကြည့်ရှုပြီး စုဆောင်းနိုင်ပါသည်။ မှန်ကန်သောတစ်ခုကို ရွေးချယ်ခြင်းနှင့် ၎င်းကို စနစ်တကျ တပ်ဆင်ပုံနှင့် အလုံခြုံဆုံးနည်းလမ်းဖြင့် အသုံးပြုပုံကို လေ့လာခြင်းသည် သင့်လုံခြုံရေးကို ကာကွယ်ရန်အတွက် အရေးကြီးပါသည်။.

    မက်ဆေ့ချ်ကိရိယာများကို ပိုမိုလုံခြုံစွာ အသုံးပြုပါ

    သင်၏ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ရေးအတွက် မည်သည့်မက်ဆေ့ချ်အက်ပ်ကို အသုံးပြုသည်ဖြစ်စေ ၎င်းတို့ကို တတ်နိုင်သမျှ လုံခြုံစွာအသုံးပြုနိုင်ရန် ဤကဏ္ဍတွင်ပါရှိသော အကြံပြုချက်များကို သေချာလိုက်နာပါ။

    သီးခြား ကိုယ်ပိုင်အမှတ်သင်္ကေတ မှတ်ပုံတင်ပါ

    ကျွန်ုပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    အဖြစ်အပျက်အများစုတွင် သင်၏ဖုန်းနံပါတ်သည် သင်၏စာရွက်စာတမ်းများနှင့် တရားဝင် ကိုယ်ပိုင်အချက်အလက်များနှင့် ချိတ်ဆက်နေပါသည်။ ထို့ကြောင့် သင့်အမည်နှင့် မျိုးရိုးအမည်သို့ ပြန်လည်ခြေရာခံ၍မရသင့်သော လျှို့ဝှက်လှုပ်ရှားမှုများအတွက် အသုံးပြုလိုသည့် မက်ဆေ့ချ်အက်ပ်များနှင့် ဖုန်းနံပါတ်ကို ချိတ်ဆက်မထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

    သင်၏ မက်ဆေ့ချ်အက်ပ်များကို သင်ပုံမှန်အသုံးပြုနေကျ အီးမေးလ်လိပ်စာနဲ့ လူမှုမီဒီယာအကောင့်များနဲ့ ခွဲခြားထားခြင်းအားဖြင့် သင် ဘယ်သူနဲ့ချိတ်ဆက်မယ်၊ ဘယ်သူက သင့်ကို ဘယ်ချတ်အက်ပ်ကနေတဆင့် တိုက်ရိုက်ဆက်သွယ်နိုင်မယ်ဆိုတာကို ထိန်းချုပ်နိုင်ပါတယ်။

    သင်၏အရေးကြီးပြီးထိရှလွယ်သော ဆက်သွယ်မှုများကိုအစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်ပါ

    • အနည်းဆုံး သင့်ရဲ့ အရေးကြီးဆုံး ဆက်သွယ်မှုများအတွက် စကားဝိုင်းများကို အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်ပေးသည့် အက်ပ်ကို အသုံးပြုပါ။
    • အကယ်၍ သင်အသုံးပြုနေသည့်အက်ပ်သည် စကားဝိုင်းအားလုံးကို နဂိုအားဖြင့် အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်မပေးပါက၊ အနည်းဆုံး သင့်အရေးကြီးဆုံး ဆက်သွယ်မှုများအတွက် ဤလုပ်ဆောင်ချက်ကိုဖွင့်ထားပါ။
    ကျွန်ုပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းဖြင့် ကာကွယ်မထားသော ဆက်သွယ်မှုများကို မက်ဆေ့ချ်ကိရိယာ ဆာဗာများသို့ ဝင်ရောက်နိုင်သူတိုင်း ဖတ်ရှုနိုင်ပါသည်။ သင်၏ အရေးကြီးဆုံး အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် သင်အသုံးပြုသည့်အက်ပ်သည် အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းကို ပေးစွမ်းနိုင်ကြောင်း သေချာပါစေ။

    သင့်အဆက်အသွယ်များ၏ ကိုယ်ပိုင်အချက်အလက်များကို အတည်ပြုပါ

    • မျက်နှာချင်းဆိုင် သို့မဟုတ် ဝှက်စာစနစ်ပြုလုပ်ထားသော အီးမေးလ်ကဲ့သို့ ပိုမိုလုံခြုံသော ဒုတိယလမ်းကြောင်းမှတစ်ဆင့် သင့်အဆက်အသွယ်များ၏ ကိုယ်ပိုင်အချက်အလက်များကို အမြဲတမ်း အတည်ပြုရန် ကြိုးစားပါ။
      • Signal ကဲ့သို့တချို့သောအက်ပ်များနှင့် Whatsapp တို့သည်ဆက်သွယ်သူများ၏ လုံခြုံရေးနံပါတ်ကို စစ်ဆေးခြင်းဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်သင်္ကေတများကို အတည်ပြုနိုင်ပါသည်။အကယ်၍ အခြားစက်ပစ္စည်းတစ်ခုက ၎င်းတို့၏အကောင့်ကို ဝင်ရောက်ပါက ၎င်းတို့၏လုံခြုံရေးနံပါတ် ပြောင်းလဲသွားကြောင်း သင့်ထံ အကြောင်းကြားလာမည်ဖြစ်ပြီး သီးခြားဆက်သွယ်ရေးကိရိယာကို အသုံးပြု၍ ၎င်းတို့ကို ထပ်မံအတည်ပြုသင့်ပါသည်။

    မက်ဆေ့ချ်များကို အလိုအလျောက် ပျောက်ကွယ်သွားအောင် သတ်မှတ်ပါ သို့မဟုတ် သင်၏ချက်မှတ်တမ်းကို ပုံမှန် ဖျက်ပါ

    • အရေးကြီးသော အချက်အလက်များကို မျှဝေသည့်အခါ၊ သင့်နှင့် သင့်လက်ခံသူများ၏ စက်ပစ္စည်းများမှ စကားပြောဆိုမှုများကို သတ်မှတ်ထားသော အချိန်ကာလတစ်ခုအကြာတွင် အလိုအလျောက် ဖျက်ပစ်နိုင်သည့် အက်ပ်တစ်ခုကို အသုံးပြုပါ။
      • မက်ဆေ့ချ်များ မကုန်ဆုံးမီ မည်မျှကြာကြာ မြင်နေစေလိုသည်ကို ထည့်သွင်းစဉ်းစားပါ။ မိနစ်၊ နာရီ သို့မဟုတ် ရက်များအတွင်း ကုန်ဆုံးသွားအောင် သတ်မှတ်နိုင်သည့် ရွေးချယ်မှုများ ရှိနိုင်ပါသည်။
      • ပျောက်ကွယ်သွားသော မက်ဆေ့ချ်များသည် သင့်မက်ဆေ့ချ်များကို လုံးဝရှာမတွေ့နိုင်တော့ဟု အာမခံချက်မရှိပါ။ တစ်စုံတစ်ယောက်သည် ထိုမက်ဆေ့ချ်များကို စခရင်ရှော့ရိုက်နိုင်သလို အခြားကင်မရာတစ်ခုခုဖြင့်လည်း စခရင်ကို ဓာတ်ပုံရိုက်ထားနိုင်ပါသည်။ အလွန်အရေးကြီးသည့် မက်ဆေ့ချ်များကို ဖတ်ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားအောင် သတ်မှတ်ခြင်းဖြင့် ဤအန္တရာယ်ကို လျှော့ချနိုင်သည် (သို့သော် လုံးဝကာကွယ်နိုင်မည်တော့မဟုတ်ပါ)။
    • အကယ်၍ သင့်စကားဝိုင်းများအားလုံးကို အလိုအလျောက်ဖျက်ရန် သတ်မှတ်ထားခြင်းမရှိသေးပါက၊ သင်၏ ချက်မှတ်တမ်းကို ကိုယ်တိုင် ပုံမှန်ဖျက်ခြင်းသည် ကောင်းမွန်သော အကြံဖြစ်သည်။ စကားဝိုင်းအားလုံး သို့မဟုတ် သီးခြားစကားဝိုင်းများကို ဖျက်ရန် သင့်အက်ပ်ရှိ ရွေးချယ်မှုကို ရှာဖွေပါ။
      • အကယ်၍ သင်သည် ချက်အက်ပ်တစ်ခုကို ဖျက်တော့မည်ဆိုပါက၊ ပထမဦးဆုံး မက်ဆေ့ချ်များကို ဖျက်ပြီးမှ အက်ပ်ကို ဖယ်ရှားပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် မက်ဆေ့ချ်များ ဖျက်လိုက်သည်နှင့် သင် သို့မဟုတ် အခြားသူများ၏ စက်ပစ္စည်းများတွင် အမြဲတမ်း ကျန်ရှိနေတော့မည်မဟုတ်ပါ။
      • မက်ဆေ့ချ်များကို အလိုအလျောက် ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်သည့် ရွေးချယ်မှုမရှိပါက ၎င်းတို့ကို ကိုယ်တိုင်မည်သို့ ဖယ်ရှားရမည်ကို လေ့လာပါ။ သင်နှင့် အဆက်အသွယ်ပြုလုပ်နေသူများကိုလည်း ထိုသို့ပြုလုပ်ရန် တောင်းဆိုပါ။
    ကျွန်ုပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    အလိုအလျောက်အားဖြင့် ချက်အက်ပ်များသည် သင်နှင့် သင်၏အဆက်အသွယ်များ ရေးသား၊ ပြောဆို သို့မဟုတ် မျှဝေခဲ့သမျှ အရာအားလုံး၏ မှတ်တမ်းကို သိမ်းဆည်းထားပါသည်။ သင့်ဖုန်းတွင် အက်ပ်တစ်ခုက သိမ်းဆည်းထားသော အချက်အလက်ပမာဏကို ကန့်သတ်ရန် ပျောက်ကွယ်သွားသော မက်ဆေ့ချ်များ ရွေးချယ်မှုကို အသုံးပြုပါ။.

    လင့်ခ်များနှင့် ဖိုင်များကို လက်ခံသည့်အခါ သတိထားပါ

    ကျွန်ုပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    အခြား ချက်နှင့် အသံမက်ဆေ့ချ်များ၊ ရုပ်ပုံများနှင့် ဗီဒီယိုများအပြင် မက်ဆေ့ချ်အက်ပ်အများစုသည် သတ်မှတ်ထားသော အရွယ်အစားအထိ ဖိုင်များကို မျှဝေနိုင်ပါသည်။ မမျှော်လင့်ဘဲ ရောက်ရှိလာသော ဖိုင် သို့မဟုတ် သံသယဖြစ်ဖွယ် လင့်ခ်တစ်ခုကို လက်ခံရရှိသောအခါ၊ ခေတ္တရပ်ပြီး မလိုလားအပ်သော၊ အန္တရာယ်ရှိသည့်ကုဒ်များကို လုပ်ဆောင်စေနိုင်သည့် လင့်ခ်တစ်ခုကို နှိပ်ခြင်း သို့မဟုတ် ဖိုင်တစ်ခုကို ဒေါင်းလုဒ်လုပ်ခြင်းဖြင့် သူခိုးဆော့ဖ်ဝဲနှင့် စပိုင်ဝဲ ကူးစက်မှုများစွာ ဖြစ်ပွားနိုင်ကြောင်း သတိချပ်ပါ။ Phishing တိုက်ခိုက်မှုများကို ကာကွယ်ရန် ဤကဏ္ဍရှိ အကြံပြုချက်များကို ဖတ်ပါ။.

    အဖွဲ့လိုက်ချက်များကို ပိုမိုလုံခြုံစွာ အသုံးပြုပါ

    အဖွဲ့လိုက်ချက်ကို လာရောက် ချိတ်ဆက်သူကို ထိန်းချုပ်ပါ

    • သင်ကြိုတင်အတည်ပြုထားသော အဆက်အသွယ်များ ကိုသာ အက်ဒ်မင်အခွင့်အရေး ပေးအပ်ပါ။
    • သင်၏ အဖွဲ့လိုက်ချက်သို့ ပါဝင်ရန် ဖိတ်ကြားသည့်သူများကို သိရှိပါ။
      • ဖိတ်ကြားမည့် အီးမေးလ်လိပ်စာများ၊ ဖုန်းနံပါတ်များ သို့မဟုတ် အသုံးပြုသူအမည်များကို အတည်ပြုပါ။
      • ဖိတ်ကြားချက်များကို အများသုံးဆိုရှယ်မီဒီယာတွင် မမျှဝေပါနှင့်။
      • သင်သည် ချတ်တစ်ခုတွင် ဝင်ရောက်သည့်အခါ မျက်နှာပြင်ပေါ်ရှိ နာမည်များကို ဖတ်ရုံဖြင့် မည်သူ ချိတ်ဆက်ထားသည်ကို သိသည်ဟု မယူဆပါနှင့်။ တစ်စုံတစ်ယောက်အနေဖြင့် အခြားသူတစ်ဦး၏ နာမည်ကို ၎င်းတို့၏ အသုံးပြုသူအမည်အဖြစ် ထည့်သွင်းပြီး ဟန်ဆောင်ဝင်ရောက်နေရန် မခက်ပါ။
      • (လုံခြုံစိတ်ချရသော သီးသန့်ချက် သို့မဟုတ် အီးမေးလ်)ကဲ့သို့ အခြားချန်နယ်တစ်ခုတွင် အဖွဲ့လိုက်ချတ်ရှိသူများသည် ၎င်းတို့၏ ဖော်ပြထားသည့်နာမည်များအတိုင်း ဟုတ်မဟုတ် အတည်ပြုပါ။
      • မလိုလားအပ်သော ပါဝင်သူများအပေါ် နောက်ပိုင်းတွင် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများအတွက် သက်သေအထောက်အထားများ စုဆောင်းရန်အတွက် စခရင်ရှော့များကို ရိုက်ယူပါ။
      • စကားဝိုင်းတွင် သင်မလိုချင်သော မည်သူမဆိုကို ဖယ်ရှားပါ။
    • အကယ်၍ တစ်စုံတစ်ယောက်ကို ဖယ်ရှားခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းသည် အဆင်မပြေပါက၊ လုံးဝအဖွဲ့အသစ်တစ်ခုကို စတင်ပါ။ သင်စကားပြောဆိုလိုသည့်သူများအတွက် မှန်ကန်ကြောင်းသေချာစေရန် သင်ဖိတ်စာများပေးပို့မည့် ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ သို့မဟုတ် အသုံးပြုသူအမည်များစာရင်းကို နှစ်ကြိမ်စစ်ဆေးပါ။ ၎င်းတို့၏ကိုယ်ပိုင်အချက်အလက်များကို အတည်ပြုရန်အတွက် လူတစ်ဦးစီကို မတူညီသော၊ ယုံကြည်စိတ်ချရသည့် လမ်းကြောင်းတစ်ခုမှတစ်ဆင့် ဆက်သွယ်ပါ။(ဥပမာအားဖြင့်၊ သင်အသုံးပြုနေသည့် ချန်နယ်နှင့်မတူညီသော လုံခြုံသည့် အသံ သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုဖြင့်ဖြစ်စေ၊ အခြေအနေအရ ပုံမှန်အားဖြင့် မလုံခြုံသော ဖုန်းခေါ်ဆိုမှုဖြင့်ဖြစ်စေ)။

    အဖွဲ့ဝင်များ၏ အခွင့်အရေးများကို ပြန်လည်သုံးသပ်ပါ

    အဖွဲ့လိုက်ချက်တစ်ခုကို ဖန်တီးသည့်အခါ၊ အချို့သော အခွင့်အရေးများကို အက်ဒ်မင်များ သို့မဟုတ် လူတိုင်းကိုသာ ပေးအပ်သင့်သည်ရှိမရှိ ဆုံးဖြတ်ရန် အဖွဲ့၏ ဆက်တင်များကို စစ်ဆေးပါ။ ဥပမာအားဖြင့်၊ ရွေးချယ်ထားသောသူများသာ စာရေးနိုင်ခြင်း၊ အသံမက်ဆေ့ချ်များ ပေးပို့နိုင်ခြင်း၊ အဖွဲ့ဝင်များ ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊ အဖွဲ့ဝင်များ၏အမည်များကို ကြည့်ရှုနိုင်ခြင်းစသဖြင့် သင်ဆုံးဖြတ်နိုင်သည်။

    ကျွန်ုပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    အက်ဒ်မင်များ သို့မဟုတ် အဖွဲ့ဝင်များအား သင်ပေးအပ်သည့် အခွင့်အရေးများနှင့် သင်အသုံးပြုနေသည့် အက်ပ်အပေါ် မူတည်၍ အဖွဲ့တစ်ခုကို အချင်းချင်း စကားပြောခန်းအဖြစ် သို့မဟုတ် ပိုမိုကျယ်ပြန့်သော လူများထံသို့ သတင်းများ ဖြန့်ဝေရန် ကြေညာချက်ချန်နယ်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။.