လူမှုဆက်ဆံရေး ကွန်ရက်များ၌ မိမိကိုယ်ကိုနှင့် ဒေတာများ ကာကွယ်နည်း

နောက်ဆုံးပြင်ဆင်ထားသော2013

ဤလမ်းညွှန်အား အချိန်နှင့်တပြေးညီ ပြင်ဆင်မှု မရှိတော့ပါ။

အွန်လိုင်း အစုအဖွဲ့တွေဟာ အင်တာနက်ကို စတင် အသုံးပြုတဲ့ အချိန်ကစပြီး တည်ရှိလာခဲ့တယ်။ အစပိုင်းမှာ ကမ္ဘာတဝှမ်းက လူတွေ အချင်းချင်း ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်း ရှိလာစေဖို့၊ စကားပြော ဆက်သွယ်နိုင်ဖို့နဲ့ သက်ဆိုင်ရာ အကြောင်းအရာတွေကို မျှဝေနိုင်ဖို့အတွက် ကြော်ငြာသင်ပုန်းတွေ (bulletin boards) နဲ့ အီးမေးလ် စာရင်းတွေ ထားရှိကြတယ်။ ယခုအချိန်မှာတော့ လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေဟာ အချင်းချင်း အဆက်အသွယ် လုပ်နိုင်တဲ့ ပမာဏကို အကြီးအကျယ် တိုးချဲ့လာကြတယ်။ သတင်းတွေ၊ ရုပ်ပုံတွေ၊ ဖိုင်တွေ အပါအဝင် တစ်မိနစ်တောင် မခြားပဲ သင် ဘာလုပ်နေတယ်၊ ဘယ်မှာ ရှိနေတယ် စတဲ့ အချက်အလက်တွေကို ဝေမျှလို့ ရလာတယ်။ ဒီ functions တွေဟာ အသစ်အဆန်း (သို့) ထူးခြားတဲ့ အရာတွေတော့ မဟုတ်ဘူး - ဒါတွေကို လုပ်ဆောင်ဖို့ လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာ တစ်ခုခုမှာ ပါဝင်နေစရာ မလိုပဲ အင်တာနက်ကနေ တစ်ဆင့် လုပ်လို့ရပါတယ်။

အဲဒီ ကွန်ရက်တွေဟာ အတော်လည်း အကျိုးရှိပြီး အွန်လိုင်းနဲ့ အော့ဖ်လိုင်း နှစ်မျိုးစလုံးမှာ လူမှုရေးအရ အပြန်အလှန် ဆက်ဆံမှုမျိုးကို မြှင့်တင်ပေးနိုင်ပေမယ့်၊ အဲဒါတွေကို အသုံးပြုလာတဲ့အခါ အလွဲသုံးစား လုပ်နိုင်တဲ့ လူတွေဆီကို သတင်း အချက်အလက်တွေ ရောက်သွားနိုင်တယ်။ လူမှု ဆက်ဆံရေး ကွန်ရက်တစ်ခုကို ကြီးကြီးကျယ်ကျယ် ကျင်းပတဲ့ ပါတီပွဲတစ်ခုလို သဘောထားကြည့်ပါ။ သိကျွမ်းထားတဲ့ လူတွေရော၊ မတွေ့ဖူးတဲ့ သူတွေပါ တက်ရောက်လာကြမှာ ဖြစ်ပါတယ်။ အဲဒီ ပါတီပွဲထဲမှာ ကိုယ်ရေး အချက်အလက်တွေနဲ့အတူ လျှောက်သွားနေတယ်လို့ စိတ်ကူးယဉ်ကြည့်ပါ၊ မိနစ်မခြား သင် ဘယ်တွေ စဉ်းစားနေတယ် ဆိုတဲ့ အချက်တွေကို သတိမထားမိပဲ၊ နောက်ကျောမှာ စာလုံးကြီးကြီးနဲ့ ရေးထားတယ် ဆိုကြပါစို့။ သင်နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို လူတိုင်း တကယ် သိစေချင်သလား။

လူမှု ဆက်ဆံရေး ကွန်ရက်တွေဟာ ပုဂ္ဂလိက စီးပွါးရေး သမားတွေက ပိုင်ဆိုင်ထားတယ်။ သူတို့ တစ်ဦးတစ်ယောက်ချင်းနဲ့ ပါတ်သက်တဲ့ ဒေတာတွေကို စုဆောင်းပြီး အဲဒီ ဒေတာတွေကို ကြော်ငြာရေး ကုမ္ပဏီတွေမှာ ရောင်းချတတ်ကြတာကို သတိရပါ။ လူမှု ဆက်ဆံရေး ကွန်ရက်တစ်ခုခုထဲ ဝင်ရောက်သွားတဲ့အခါ၊ အင်တာနက် လွတ်လပ်မှုကို နောက်မှာ ချန်ထားပြီး ကွန်ရက် စာမျက်နှာကို ပိုင်ဆိုင်တဲ့သူ ချုပ်ကိုင်ထားတဲ့ ကွန်ရက် တစ်ခုထဲ ဝင်ရောက်နေတာ ဖြစ်တယ်။ Privacy settings တွေဟာ လူမှု ဆက်ဆံရေး ကွန်ရက်ထဲမှာ ပါဝင်ကြတဲ့ တခြား အဖွဲ့ဝင်တွေကို အကာအကွယ် ပေးဖို့ ဖြစ်တယ်၊ ဝန်ဆောင်မှုကို ပံ့ပိုးပေးနေတဲ့ ပိုင်ရှင်တွေက အကာအကွယ် ပေးထားတာ မဟုတ်ဘူး။ အမှန်ကတော့ ဒေတာ အားလုံးကို ပိုင်ရှင်တွေဆီ ပေးလိုက်ပြီး သူတို့ဆီ စိတ်ချလက်ချ အပ်ထားခဲ့တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

တကယ်လို့ အထိခိုက်မခံတဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေနဲ့ ပါတ်သက်တဲ့ အလုပ်တွေကို လုပ်ဆောင်နေပြီး၊ လူမှု ဆက်ဆံရေး ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုနေတယ် ဆိုရင်၊ privacy နဲ့ လုံခြုံရေး ပြဿနာတွေကို အထူး သတိထားဖို့ အရေးကြီးတယ်။ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေအနေနဲ့ လူမှု ဆက်ဆံရေး ကွန်ရက်တွေကို အသုံးပြုတာဟာ အန္တရာယ် အလွန်များပြီး သူတို့နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ၊ သူတို့နဲ့ အလုပ် တွဲလုပ်နေတဲ့ သူတွေရဲ့ အချက်အလက်တွေကို အထူး သတိထားဖို့ လိုပါတယ်။

လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေကို အသုံးမပြုခင် အန္တရာယ် ရှိနိုင်တဲ့ အချက်တွေကို နားလည်ထားဖို့ အရေးကြီးတယ်၊ အဲဒီနောက် ကိုယ်တိုင် အပါအဝင် သင်နဲ့ အလုပ်လုပ်နေတဲ့ သူတွေရဲ့ အချက်အလက်တွေကို အကာအကွယ် ပေးဖို့ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒီလမ်းညွှန်ချက်က လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေကို အသုံးပြုတဲ့ နေရာမှာ သိထားရမဲ့ လုံခြုံရေး ဆောင်ရွတ်ချက်တွေ အကြောင်းကို နားလည်နိုင်အောင် အထောက်အကူ ပေးပါလိမ့်မယ်။

နောက်ခံ ဇာတ်လမ်း -

:Snippet

လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေ အသုံးပြုနေတာကို လုံးဝ ရပ်တန့်ဖို့ ကျွန်တော်တို့ အားမပေးလိုပါဘူး။ ဒါပေမဲ့ အဲဒီ ကိရိယာတွေကို သုံးပြီး သင်နဲ့ တခြားသူတွေကို အန္တရာယ် မကျရောက်စေအောင်၊ လိုအပ်တဲ့ လုံခြုံရေး အစီအမံတွေ ချမှတ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ

  • လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေမှာ အထိခိုက်မခံတဲ့ သတင်း အချက်အလက်တွေကို သတိမထားမိပဲ အလွယ်တကူ ဖေါ်ပြနိုင်တဲ့ ပုံစံ
  • လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေကို အသုံးပြုတဲ့အခါ သင်ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ သတင်း အချက်အလက်တွေကို အကာအကွယ် ပေးနိုင်တဲ့နည်း

လူမှု ဆက်ဆံရေး ကွန်ရက်သုံး ကိရိယာများ အသုံးပြုရာတွင် သိထားရမဲ့ အချက်များ

  • မေးခွန်းတွေ အမြဲတမ်း မေးပါ -

    • အွန်လိုင်းမှာ တင်ထားတဲ့ သတင်းအချက်အလက်တွေကို ဘယ်သူက ရယူနိုင်သလဲ။
    • လူမှု ဆက်ဆံရေး ကွန်ရက်တစ်ခုခုမှာ တင်ထားတဲ့ သတင်း အချက်အလက်တွေကို ဘယ်သူက ထိန်းချုပ်ပြီး ပိုင်ဆိုင်သလဲ။
    • ကျွန်တော့် အဆက်အသွယ်တွေက ကျွန်တော့်အကြောင်းကို တခြားလူတွေဆီ ဘာတွေ လက်ဆင့်ကမ်းနေကြသလဲ။
    • ကျွန်တော့် အဆက်အသွယ်တွေနဲ့ ပါတ်သက်တဲ့ သတင်း အချက်အလက်ကို တခြားသူတွေဆီ ကျွန်တော် ဝေမျှလိုက်ရင် သူတို့ ဘယ်လို သဘောထားကြမလဲ။
    • ကျွန်တော်နဲ့ အဆက်အသွယ်လုပ်တဲ့ သူတိုင်းကို စိတ်ချရမလား။
  • လူမှုဆက်ဆံရေး ကွန်ရက်တွေကို အသုံးပြုတဲ့အခါ လုံခြုံတဲ့ စကားဝှက်တွေကို အမြဲတမ်း အသုံးပြုပါ။ အကယ်လို့ တစ်ယောက်ယောက်ဟာ သင့် အကောင့်ထဲကို ဝင်သွားတယ် ဆိုရင်၊ သင်နဲ့ ပါတ်သက်တဲ့ အချက်အလက်နဲ့ လူမူဆက်ဆံရေး ကွန်ရက်ကတဆင့် အဆက်အသွယ် လုပ်ထားတဲ့ တခြားသူတွေရဲ့ သတင်း အချက်အလက် အတော်များများကိုပါ ရယူသွားနိုင်ပါတယ်။ စကားဝှက်တွေကို လုပ်ရိုးလုပ်စဉ် အတိုင်း ပုံမှန် ပြောင်းပေးပါ။ အသေးစိတ် သိချင်ရင် အခန်း ၃။ လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း ကို လေ့လာပါ။

  • လူမှု ဆက်ဆံရေး ကွန်ရက်မှာ သတ်မှတ်ထားတဲ့ default privacy settings တွေနဲ့၊ အဲဒါတွေ ပြင်ဆင်တဲ့နည်းတွေကို နားလည်အောင် ကြိုးစားပါ။

  • တခြား စည်းရုံးလှုံ့ဆော်ရေးတွေနဲ့ လှုပ်ရှားမှုတွေ အတွက် သီးခြား အကောင့်တွေ /အထောက်အထားတွေ (သို့) ကလောင်အမည်တွေကို အသုံးပြုဖို့ စဉ်းစားပါ။ network တစ်ခုကို အန္တရာယ် ကင်းကင်း သုံးစွဲနိုင်ဖို့ အဓိက သော့ချက်ကတော့ အဲဒီက အသင်းဝင်တွေကို ယုံကြည် စိတ်ချခြင်း ဖြစ်တယ်။ သီးခြား အကောင့်တွေကို ထားရှိတာဟာ အဲဒီ စိတ်ချမှုမျိုးကို အတည်ပြုစေတဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။

  • လူမှု ဆက်ဆံရေး ကွန်ရက် အကောင့်ကို အများသုံး အင်တာနက် ကဖေးတွေမှာ အသုံးပြုတဲ့အခါ သတိထားပါ။ အများသုံးတဲ့ ကွန်ပျူတာ တစ်လုံးမှာ ရှိတဲ့ browser တစ်ခုကို ဖွင့်တဲ့အခါ သင့်ရဲ့ စကားဝှက်နဲ့ ကြည့်ရှုခဲ့တဲ့ မှတ်တမ်းကို ပယ်ဖျက်ပါအခန်း ၆။ အထိခိုက်မခံတဲ့ သတင်း အချက်အလက်များ ဖျက်ဆီးနည်း ကို လေ့လာပါ။

  • username, စကားဝှက်နဲ့ သင် တင်ပို့လိုက်တဲ့ တခြား အချက်အလက်တွေကို အကာအကွယ်ပေးဖို့ လူမှု ဆက်ဆံရေး ကွန်ရက်တွေကို https:// ထည့်သွင်းပြီး အသုံးပြုပါ။ http:// ကို သုံးတာထက် https:// ကို သုံးခြင်း အားဖြင့် browser ကနေ လူမှု ဆက်ဆံရေး ကွန်ရက်ကို သွားတဲ့ လမ်းကြောင်းကို စာဝှက်ပေးမှာ ဖြစ်ပြီး လုံခြုံရေး အလွှာတစ်ခုကို ထပ်ထည့်ပေးမှာ ဖြစ်တယ်။ အခန်း ၈။ အင်တာနက်ပေါ် အမည်ဝှက်ပြီး စိစစ် ဖြတ်တောက်မှု ရှောင်နည်း ကို လေ့လာပါ။

  • သင့်ရဲ့ Network ထဲက လူတွေကို စိတ်ချနေရင်တောင် - your status updates ထဲမှာ သတင်း အချက်အလက် အပြည့်အစုံ ရေးထည့်တာမျိုးကို သတိထားပါ။ သင့်ရဲ့ သတင်း အချက်အလက်တွေကို တစ်ယောက်ယောက်က ကူးယူရာမှာ လွယ်ကူသွားစေတယ်။

  • လူမှု ဆက်ဆံရေး ကွန်ရက် အများစုဟာ တခြား လူမှု ဆက်ဆံရေး ကွန်ရက်တွေနဲ့ သတင်း အချက်အလက်တွေကို ပူးပေါင်းထားကြတယ်။ ဥပမာ အားဖြင့်၊ Twitter အကောင့်မှာ updates တစ်ပုဒ်ကို တင်ထားနိုင်တယ်၊ အဲဒီ updates ဟာ သင့်ရဲ့ Facebook အကောင့်မှာလည်း အလိုအလျောက် ပေါ်လာမှာ ဖြစ်တယ်။ သင့်ရဲ့ လူမှု ဆက်ဆံရေး အကောင့်တွေကို စုစည်းလိုက်တဲ့အခါ စာမျက်နှာ တစ်ခုခုမှာ သင် နာမည်ဝှက်ထားပေမဲ့၊ တခြားတစ်နေရာမှာတော့ နာမည်ပေါ်နေနိုင်တယ် ဆိုတာ အထူး သတိပြုပါ။

  • လူမှု ဆက်ဆံရေး ကွန်ရက်မှာ ရှိတဲ့ သင်နဲ့ ပါတ်သက်တဲ့ သတင်း အချက်အလက်တွေဟာ ဘယ်လောက်ထိ အန္တရာယ် ကင်းတယ် ဆိုတာ သတိထားပါ။ သင်နဲ့ ပါတ်သက်တဲ့ အကြောင်းအရာ (သို့) သတင်း အချက်အလက်တွေကို သိမ်းဆည်းဖို့ လူမှု ဆက်ဆံရေး ကွန်ရက်ကို ဘယ်တော့မှ အားမကိုးပါနဲ့။ အစိုးရတွေ အနေနဲ့ သူတို့ နယ်ပယ်အတွင်းမှာ ရှိတဲ့ လူမှု ဆက်ဆံရေး ကွန်ရက် တစ်ခုခုမှာ အငြင်းပွားစရာ အကြောင်းအရာတွေကို ရုတ်တရက် တွေ့သွားရင် တားဆီးပိတ်ဆို့ဖို့ အလွန် လွယ်ကူတယ်။ လူမှု ဆက်ဆံရေး ကွန်ရက်ကို စီမံခန့်ခွဲတဲ့သူတွေဟာ - နိုင်ငံ တစ်နိုင်ငံမှာ စိစစ်ဖြတ်တောက်မှု ခံရမဲ့အစား - အငြင်းပွားစရာ အကြောင်းအရာကို သူတို့ ကိုယ်တိုင်က ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လာနိုင်ပါတယ်။

ကိုယ်ရေးကိုယ်တာ အချက်အလက်များ တင်ပို့ခြင်း

လူမှု ဆက်ဆံရေး ကွန်ရက်တွေဟာ တခြား သုံးစွဲသူတွေက သင့်ကို အလွယ်တကူ တွေ့ရှိနိုင်အောင်နဲ့၊ အဆက်အသွယ် လုပ်နိုင်အောင် သင်နဲ့ ပတ်သက်တဲ့ ဒေတာ အတော်များများကို တောင်းလေ့ရှိကြတယ်။ အဲဒီ ကွန်ရက် စာမျက်နှာတွေကို သုံးစွဲနေတဲ့ သူတွေအတွက် အကြီးမားဆုံး အားနည်းချက်ကတော့ အဖြစ်များလာနေတဲ့ ကိုယ်ရေး အထောက်အထား လိမ်လည်မှုပဲ ဖြစ်တယ်။ နောက်ပြီး၊ သင့်အကြောင်းနဲ့ ပါတ်သက်တဲ့ သတင်း အချက်အလက်တွေကို အွန်လိုင်းမှာ များများတင်လာလေလေ၊ အာဏာပိုင်တွေက သင့်အချက်အလက်နဲ့ လှုပ်ရှားမှုတွေကို ပိုမို သိရှိနိုင်လာလေလေ ဖြစ်တယ်။ တချို့နိုင်ငံက diaspora တက်ကြွလှုပ်ရှားသူတွေရဲ့ အွန်လိုင်း လှုပ်ရှားမှုတွေကြောင့် အဲဒီ တိုင်းပြည်တွေက မိသားစုဝင်တွေအပေါ် အာဏာပိုင်တွေရဲ့ အာရုံစိုက် ခံရမှုကို ဖြစ်ပေါ်လာစေပါတယ်။

မိမိကိုယ်ကို မေးကြည့်ပါ - အောက်ပါ အချက်အလက်တွေကို အွန်လိုင်းမှာ တင်ဖို့ လိုသလား။

  • မွေးနေ့တွေ
  • ဖုန်းနံပါတ်တွေ
  • လိပ်စာတွေ
  • မိသားစုဝင်တွေအကြောင်း အသေးစိတ်
  • ယောင်္ကျား မိန်းမဖြစ်ခြင်း
  • ပညာရေးနဲ့ လုပ်ငန်းခွင် မှတ်တမ်း

:Snippet

မိတ်ဆွေများ၊ နောက်လိုက်များနဲ့ အဆက်အသွယ်များ

လူမှု ဆက်ဆံရေး application တစ်ခုခုမှာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ မဖြည့်စွက်ခင် ပထမဆုံး လုပ်ရမဲ့ အချက်ကတော့ တခြားသူတွေနဲ့ ဆက်သွယ်ဖို့ ဖြစ်တယ်။ အဲဒီ အဆက်အသွယ်တွေဟာ သင်နဲ့ သိကျွမ်းထားပြီး စိတ်ချရတဲ့ သူတွေ ဖြစ်ဖို့ လိုတယ် - ဒါပေမဲ့ သင် မတွေ့ဖူးတဲ့ အွန်လိုင်း အစုအဖွဲ့ တစ်ခုခုက လူတွေကိုလည်း အဆက်အသွယ် လုပ်နိုင်တယ်။ အရေးအကြီးဆုံး အနေနဲ့ သိထားဖို့က ဒီအွန်လိုင်း အစုအဖွဲ့တွေဆီ သင် ဘယ်လိုမျိုး သတင်း အချက်အလက်တွေကို ပေးနေသလဲ ဆိုတာ ပါပဲ။

သင်နဲ့ ပါတ်သက်တဲ့ သတင်း အချက်အလက် အတော်များများ စုစည်းထားတဲ့ Facebook လို လူမှု ဆက်ဆံရေး ကွန်ရက် အကောင့် တစ်ခုခုကို သုံးစွဲတဲ့အခါ၊ အဲဒီမှာ တင်လိုက်တဲ့ သတင်း အချက်အလက်တွေကို အလွဲသုံးစား လုပ်မှာ မဟုတ်တဲ့ သင်နဲ့ သိကျွမ်းထားတဲ့ သူတွေ၊ စိတ်ချရတဲ့ သူတွေကိုပဲ ဆက်သွယ်ပါ။

:Snippet

Status updates များ

Twitter နဲ့ Facebook အပြင် အလားတူ networks တွေမှာ၊ status update က - အခု ကျွန်တော် ဘာတွေ လုပ်နေတယ်၊ ဘာတွေ ဖြစ်ပျက်နေတယ် - စတဲ့ မေးခွန်းတွေကို ဖြေကြားနေတယ်။ status update နဲ့ ပါတ်သက်ပြီး အရေးအကြီးဆုံး နားလည်ထားရမှာက ဘယ်သူတွေက တကယ် ကြည့်ရှုနေကြသလဲ ဆိုတဲ့ အချက်ပါပဲ။ လူမှု ဆက်ဆံရေး applications အများစုမှာ ပါဝင်တဲ့ status update ရဲ့ default setting ကိုတော့ အင်တာနက် သုံးတဲ့ လူတိုင်းက မြင်တွေ့နိုင်တယ်။ အကယ်လို့ သင့် အဆက်အသွယ်တွေကို updates တွေကိုပဲ မြင်တွေ့စေချင်တယ် ဆိုရင်၊ သင့်ရဲ့ updates တွေကို တခြားလူတွေ မမြင်တွေ့အောင် လူမှု ဆက်ဆံရေး application မှာ သတ်မှတ်ထားနိုင်ပါတယ်။

Twitter မှာ အဲဒါကို ပြင်ဖို့ “Protect Your Tweets” ကို ရှာပါ။ Facebook ထဲမှာ သင့်ရဲ့ updates တွေကို “Friends Only” နဲ့သာ မျှဝေဖို့ သင့်ရဲ့ settings ကို ပြင်ပါ။ အဲဒီ settings တွေကို ပြင်ထားရင်လည်း သင့်ရဲ့ အချက်အလက်တွေကို နောက်လိုက်တွေ (followers)နဲ့ မိတ်ဆွေတွေ (friends) က အလွယ်တကူ ထပ်မံ တင်ပို့နိုင်တာကို တွေးကြည့်လို့ ရပါတယ်။ လူမှု ဆက်ဆံရေး အကောင့်တွေမှာ တင်ထားတဲ့ သတင်း အချက်အလက်တွေကို လက်ဆင့်ကမ်းတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ network မိတ်ဆွေတွေနဲ့ သဘောတူညီချက် လုပ်ထားပါ။ မိတ်ဆွေတွေက တခြား လူတွေကို မသိစေချင်တဲ့ သူတို့ အကြောင်းတွေကို မဖေါ်ပြမိဖို့ သတိထားပါ၊ ဒီအကြောင်းကို အထူး ဂရုစိုက်ဖို့နဲ့ တခြားသူတွေက သင့် အချက်အလက်တွေကို မထုတ်ဖေါ်မိဖို့ အရေးကြီးကြောင်း ပြောပြပါ။

Status updates မှာ ပါဝင်တဲ့ သတင်း အချက်အလက်တွေကို သုံးပြီး တစ်ဖက်သား လူတွေကို တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်တွေ အများအပြား ရှိခဲ့တယ်။ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဆရာသမားတွေက သူတို့ ကျောင်းသူ/သားတွေရဲ့ ခံစားချက်တွေ အကြောင်း updates တွေကို ကြော်ငြာ ကပ်ခဲ့ကြတဲ့အတွက် အလုပ်ဖြုတ် ခံကြရတယ်၊ တခြား အလုပ်သမားတွေက သူတို့ အလုပ်ရှင်တွေရဲ့ အကြောင်းကို ကြော်ငြာ ကပ်ခဲ့ကြတဲ့အတွက် အလုပ်ဖြုတ် ခံကြရတယ်။ ဒါတွေဟာ လူတိုင်း သတိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

အင်တာနက် အကြောင်းအရာကို ဝေမျှခြင်း

ကွန်ရက်စာမျက်နှာ တစ်ခုရဲ့ link တစ်ခုကို ဝေမျှပြီး မိတ်ဆွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်တယ်။ ဒါပေမဲ့၊ တခြား ဘယ်သူတွေက စိတ်ဝင်စားကြမလဲ၊ ဘယ်လို တုံ့ပြန်မှုမျိုးကို ပေးကြမလဲ။ အကယ်လို့ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရ တစ်ရပ်ကို ဖြုတ်ချဖို့ ရည်ရွယ်တဲ့ ကွန်ရက် စာမျက်နှာမျိုးဆိုရင်၊ အစိုးရကလည်း စိတ်ဝင်စားလာမှာ ဖြစ်ပြီး သင့်ကို ပစ်မှတ်ထားလာနိုင်တယ်။

စိတ်ဝင်စားစရာ အဖြစ် သင် မှတ်သားထားတဲ့ အချက်တွေကို သင့်ရဲ့ အဆက်အသွယ်တွေကိုပဲ မြင်စေချင်တယ်၊ ဝေမျှချင်တယ် ဆိုရင်၊ သင့်ရဲ့ privacy settings တွေကို စစ်ဆေးဖို့ လိုတယ်။

တည်နေရာကို ဖေါ်ပြခြင်း

လူမှု ဆက်ဆံရေး ကွန်ရက် အများစုဟာ၊ အကယ်လို့ သင် နေထိုင်တဲ့ တည်နေရာကို ထည့်သွင်းထားတယ် ဆိုရင်၊ အဲဒီ တည်နေရာကို ဖေါ်ပြပေးနေလိမ့်မယ်။ ဒီ function ဟာ အများအားဖြင့် GPS ပါတဲ့ ဖုန်းတစ်လုံးနဲ့ လူမှု ဆက်ဆံရေး ကွန်ရက် တစ်ခုခုကို ဆက်သွယ်တဲ့အခါ အလုပ်လုပ်လာပြီး၊ အကယ်လို့ လက်ကိုင်ဖုန်းနဲ့ မဆက်သွယ်ဘူးဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ယူဆလို့ မရဘူး။ ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ network က တည်နေရာနဲ့ ပါတ်သက်တဲ့ ဒေတာတွေကို ပံ့ပိုးနိုင်တယ်။ အန္တရာယ် အကင်းဆုံး ကတော့ settings ကို ပြန်စစ်ဆေးဖို့ပဲ ဖြစ်တယ်။

ဓါတ်ပုံနဲ့ ဗွီဒီယို မျှဝေတဲ့ ကွန်ရက် စာမျက်နှာတွေရဲ့ တည်နေရာ settings တွေကို ဂရုစိုက်ပါ။ သူတို့က သင် နေထိုင်တဲ့ တည်နေရာကို ဝေမျှ မပေးဘူးလို့ ပြောလို့ မရဘူး - သေချာအောင် သင့်ရဲ့ settings တွေကို ပြန်စစ်ဆေးပါ။

အီလက်ထရိုနစ် ရှေ့တန်း ဖောင်ဒေးရှင်းရဲ့ ကွန်ရက် စာမျက်နှာ On Locational Privacy, and How to Avoid Losing it Forever ကိုလည်း ဖတ်ရှုလေ့လာပါ။

ဗွီဒီယိုများ / ဓါတ်ပုံများကို ဝေမျှခြင်း

ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေဟာ လူတွေရဲ့ အထောက်အထားတွေကို အလွယ်တကူ ဖေါ်ပြပေးနိုင်တယ်။ သင် တင်ပို့လိုက်တဲ့ ဓါတ်ပုံ (သို့) ဗွီဒီယိုတွေ အကြောင်းအရာတွေကို သဘောတူထားဖို့ အရေးကြီးတယ်။ အကယ်လို့ တစ်ယောက်ယောက်ရဲ့ ဓါတ်ပုံကို တင်လိုက်တယ် ဆိုရင်၊ အဲဒီ ပုဂ္ဂိုလ်ရဲ့ privacy ကို ထိခိုက်စေနိုင်မှု ရှိမရှိ သတိထားပါ။ ဗွီဒီယို (သို့) ဓါတ်ပုံကို တင်ဖို့ လုပ်တဲ့အခါ သူတို့ရဲ့ သဘောကို အရင် မမေးမြန်းပဲ ဘယ်တော့မှ မတင်ပါနဲ့။

ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေဟာ မထင်မှတ်တဲ့ သတင်း အချက်အလက် အတော်များများကိုလည်း ဖေါ်ပြပေးနိုင်တယ်။ ကင်မရာ အတော်များများက ဖျောက်ထားတဲ့ ဒေတာ (metadata tag) တွေ - နေ့စွဲ၊ အချိန်နဲ့ ဓါတ်ပုံ ရိုက်ယူတဲ့ နေရာ၊ ကင်မရာ အမျိုးအစား - စတာတွေကို ထည့်မြှပ်ထားကြမှာ ဖြစ်တယ်။ ဓါတ်ပုံနဲ့ ဗွီဒီယို ဝေမျှတဲ့ ကွန်ရက် စာမျက်နှာတွေမှာ အဲဒါတွေကို တင်လိုက်တဲ့အခါ အဲဒီ အချက်အလက်ကို ထုတ်ပြန်ကြမှာ ဖြစ်ပါတယ်။

:Snippet

လက်ငင်း chat စကားပြောဆိုမှုများ

လူမှု ဆက်ဆံရေး ကွန်ရက် အတော်များများမှာ မိတ်ဆွေတွေနဲ့ လက်ငင်း ဆွေးနွေးပွဲတွေ လုပ်လို့ ရတဲ့ ကိရိယာတွေ ရှိတယ်။ အဲဒီ ကိရိယာတွေဟာာ Instant Messaging (လက်ငင်း စာတိုပေးပို့စနစ်) လိုပဲ အလုပ်လုပ်နိုင်ပြီး အင်တာနက်ပေါ်ကနေ စကားပြော ဆက်သွယ်တဲ့ ကိရိယာတွေထဲမှာ လုံခြုံမှု အားအနည်းဆုံးထဲမှာ ပါဝင်တယ်။ chats စကားပြောဆိုမှုတွေကို လုံခြုံစေဖို့၊ သင်နဲ့ သင့်ရဲ့ မိတ်ဆွေတွေဟာ လူမှု ဆက်ဆံရေး ကွန်ရက် အကောင့်တွေထဲကို ဝင်တဲ့အခါ https:// အသုံးပြုပြီး log in လုပ်ဖို့ လိုတယ်၊ (သို့) စာဝှက်စနစ်ကို သုံးတဲ့ Off-the-record plugin ပါတဲ့ Pidgin လို chat client တခုခုကို အသုံးပြုနိုင်တယ်။ 'Pidgin – လုံခြုံမှု ရှိတဲ့ လက်ငင်း စာတိုပို့စနစ်' အကြောင်းကို လက်စွဲ လမ်းညွှန်ထဲမှာ ဖတ်ရှုလေ့လာပါ။

အုပ်စုများ၊ အခမ်းအနားများနဲ့ အစုအဖွဲ့များ၌ ပါဝင်ခြင်း/ဖွဲ့စည်းခြင်း

အကယ်လို့ အုပ်စု တစ်ခု (သို့) အစုအဖွဲ့တစ်ခုမှာ ပါဝင်တော့မယ် ဆိုရင် လူတွေကို ဘယ်လို သတင်း အချက်အလက်မျိုးကို ပေးမလဲ။ သင်နဲ့ ပတ်သက်ပြီး ဘာတွေ ပြောကြမလဲ။ နောက်တစ်မျိုးအနေနဲ့၊ သင် ဖွဲ့စည်းလိုက်တဲ့ အုပ်စု (သို့) အစုအဖွဲ့ထဲကို ပါဝင်လာကြမယ် ဆိုရင် လူတွေက ဘာပြောကြမလဲ။ လူတွေအတွက် ဘယ်လို အန္တရာယ်မျိုး ကျရောက်စေနိုင်မလဲ။

အွန်လိုင်း အစုအဖွဲ့ (သို့) အုပ်စုတစ်ခုခုမှာ ပါဝင်တယ် ဆိုတာ သင့်အကြောင်းကို တခြားသူတွေ ဖွင့်ပြလိုက်တာ ဖြစ်တယ်။ ခြုံပြီး ပြောရရင်၊ အဲဒီ အုပ်စုရဲ့ ပြောဆိုမှု (သို့) လုပ်ဆောင်မှုကို သဘောတူတယ် (သို့) ထောက်ခံတယ်လို့ လူတွေက ယူဆကြမှာ ဖြစ်တယ်၊ အဲဒီအချက်တွေကြောင့် အကယ်လို့ သင်ဟာ နိုင်ငံရေး အုပ်စုတွေနဲ့ အလုပ်လုပ်နေတာကို တခြား သူတွေက သိရှိလာရင် သင့်အတွက် အန္တရာယ် ဖြစ်လာနိုင်တယ်။ အကယ်လို့ အုပ်စုတစ်ခုထဲမှာ သင် မသိကျွမ်းဖူးတဲ့ အဖွဲ့ဝင်တွေ အများကြီး ပါလာမယ် ဆိုရင်၊ သင့်အကောင့်ထဲမှာ ပြင်ဆင်လိုက်တဲ့ privacy (သို့) လုံခြုံရေး settings တွေကို ထိခိုက်စေနိုင်တယ်၊ ဒါကြောင့် မပါဝင်ခင် ဘယ်လို သတင်း အချက်အလက်မျိုးကို သင် ပေးနေသလဲ ဆိုတာကို အရင် စဉ်းစားပါ။ သူစိမ်းတွေက သင့်ကို သိရှိလာအောင် ကိုယ်ပိုင် ဓါတ်ပုံနဲ့ နာမည် အစစ်ကို သုံးစွဲနေသလား။

နောက်တစ်မျိုးအနေနဲ့၊ အကယ်လို့ သင့်အနေနဲ့ အုပ်စုတစ်စုကို ဖွဲ့ပြီး လူတွေ ပါဝင်စေမယ် ဆိုရင်၊ ပါဝင်လာတဲ့ သူတို့က လူထုကို ဘာတွေ ပြောပြကြမလဲ။ ဥပမာ အားဖြင့်၊ လူတွေကို အကူအညီပေးဖို့ ယောင်္ကျားလျာနဲ့ မိန်းမလျာကို အကူအညီ ပေးတဲ့ အဖွဲ့ကို သင် ဖွဲ့စည်းလိုက်တယ် ဆိုပါတော့၊ ဒီလို ဝင်လာတဲ့ လူတွေက ဘယ်သူ ဘယ်ဝါဟာ ယောင်္ကျားလျာ ဖြစ်တယ် (သို့) ယောင်္ကျားလျာတွေကို စိတ်ဝင်စားသူ ဖြစ်တယ် ဆိုပြီး ပွင့်ပွင့်လင်းလင်း ဖေါ်ထုတ်လာကြရင်၊ တကယ့် ပြင်ပကမ္ဘာမှာ သူတို့အတွက် အန္တရာယ်တွေ ရှိလာနိုင်တယ်။

:Snippet

လူမှု ဆက်ဆံရေး ကွန်ရက်သုံး tools များ

Facebook

Facebook ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လူမှု ဆက်ဆံရေး ကွန်ရက်တစ်ခု ဖြစ်လာတယ်။ အကယ်လို့ သင်အနေနဲ့ လူမှု ဆက်ဆံရေး ပလက်ဖောင်း တစ်ခုခု ကနေတဆင့် လူတွေကို ဆက်သွယ်ချင်တယ် ဆိုရင်၊ သူတို့က Facebook ကို သုံးနေကြလိမ့်မယ်။ ဆိုလိုတာက Facebook ဟာ တခြား ကွန်ရက် စာမျက်နှာတွေထက် အန္တရာယ် ပိုကြီးတယ်၊ သူ့မှာ ဖေါ်ပြထားတဲ့ universal accessibility ဆိုတာဟာ တင်ပို့လိုက်တဲ့ သတင်း အချက်အလက်တွေကို လူတိုင်း နီးပါးက ကြည့်ရှုလို့ ရတာကို ဆိုလိုတယ်။

Facebook ကို တည်ထောင်ခဲ့တဲ့ Mark Zuckerberg က “အွန်လိုင်း privacy ပျောက်ကွယ်သွားပြီ“ ဆိုပြီး လူသိရှင်ကြား ထုတ်ပြန်ခဲ့သလို၊ Facebook ပေါ်မှာ privacy ထားဖို့ ဆိုတာ အတော်လေး ခက်ခဲတဲ့ အရာ ဖြစ်နေတယ်။ အထင်မှားစရာ ဖြစ်တဲ့ settings ထဲမှာ သတင်း အချက်အလက်တွေကို သင်နဲ့ သင့် မိတ်ဆွေတွေကပဲ ကြည့်ရှုနိုင်တဲ့ ပုံစံမျိုး ပေါက်နေပေမယ့်၊ တခြား အပြင်လူတွေကလည်း ရှာဖွေလိုက်တာနဲ့ (သို့) ပရိုဂရမ် ရေးဆွဲသူက ကွန်ရက်စာမျက်နှာပေါ်မှာ လူသုံးများတဲ့ applications တွေနဲ့ ဂိမ်းတွေ အများကြီးထဲက တစ်ခုခုကို set up လုပ်လိုက်တာနဲ့ သင့်ရဲ့ သတင်း အချက်အလက်တွေကို ကြည့်ရှုနိုင်သည်။

သိထားရမဲ့ အရေးကြီးတဲ့ အချက်ကတော့ Facebook မှာ အကောင့်တစ်ခု ဖွင့်လိုက်တာနဲ့၊ သင် ပယ်ဖျက်လို့ ရတော့မှာ မဟုတ်ဘူး။ Facebook က သင့်ရဲ့ တောင်းဆိုချက်အရ အကောင့်ကို 'deactivate' လုပ်ပေးနိုင်ပေမဲ့ သင် ဆန္ဒရှိတဲ့အချိန်မှာ သင့်ရဲ့ သတင်း အချက်အလက်တွေနဲ့ settings တွေကို ပကတိ အခြေအနေအတိုင်း အကောင့်ကို 'reactivate' လုပ်ပေးလို့ ရတယ်။ ဒေတာတွေကို Facebook ကနေ ဘယ်တော့မှ ဖျက်လို့ ရမှာ မဟုတ်တော့ဘူး။

http://www.facebook.com/terms.php ထဲမှာ - “ဓါတ်ပုံတွေ*၊ *ဗွီဒီယိုတွေ ('IP content') စတဲ့ အသိဉာဏ် ဆိုင်ရာ ပိုင်ဆိုင်ခွင့်ထဲမှာ အကျုံးဝင်တဲ့ အကြောင်းအရာတွေဟာ အောက်ပါ privacy နဲ့ application settings ဆိုင်ရာ ခွင့်ပြုချက်ဖြင့် အထူးသဖြင့် ကျွန်တော်တို့အား အပ်နှင်းထားတယ်။ ခြွင်းချက်မရှိ လွှဲပြောင်းနိုင်၊ ထပ်ဆင့် ခွင့်ပြုနိုင်၊ မူပိုင်ခွင့် အခမဲ့ဖြင့် Facebook ('IP လိုင်စင်') နဲ့ ဆက်စပ်ပြီး တင်ပို့လိုက်တဲ့ IP အကြောင်းအရာတွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ခွင့်ပြုချက်တွေကို ကျွန်တော်တို့အား ပေးအပ်ထားတယ်။ ဒီ IP လိုင်စင်ဟာ သင့်ရဲ့ အကြောင်းအရာတွေကို တခြားသူတွေနဲ့ မျှဝေမထားဘူး ဆိုရင်၊ သင့်ရဲ့ IP အကြောင်းအရာ (သို့) အကောင့်ကို ပယ်ဖျက်လိုက်တာနဲ့ အဆုံးသတ် ပျက်ပြယ်သွားမှာ ဖြစ်တယ်။” နောက်တနည်းနဲ့၊ ဒီမှာ တင်ပို့တဲ့ ဘယ်လို ဒေတာမျိုးကို မဆို Facebook က ပိုင်ဆိုင်ထားပြီး သူလိုချင်တဲ့ နေရာမှာ အသုံးပြုနိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နယ်မြေလုံခြုံရေး ဌာနက Facebook နဲ့ တခြား လူမှု ဆက်ဆံရေး ကွန်ရက်တွေကို စောင့်ကြည့်နေပြီး တခြား အစိုးရတွေကလည်း အလားတူ လုပ်ဆောင်ဖို့ အလားအလာများပါတယ်။

Facebook အကြောင်း သိကောင်းစရာများ -

  • Facebook ပေါ်က privacy settings တွေကို နှစ်ကြိမ် စစ်ဆေးပါ။ လူထုရဲ့ တိုက်တွန်းချက်နဲ့၊ သူတို့ရဲ့ network ကြီးထွားလာမှုကြောင့်၊ privacy မူဝါဒတွေဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။

  • Facebook ပေါ်မှာ 'မိတ်ဆွေဖွဲ့ခြင်း' (friending) ဆိုတာ သင်နဲ့ တခြား သုံးစွဲသူကို တိုက်ရိုက် ဆက်သွယ်ပေးပြီး Facebook ပေါ်က သင့်ရဲ့ သတင်း အချက်အလက်တွေနဲ့ လှုပ်ရှားမှုတွေကို သူတို့ကို ကြည့်ရှုခွင့် ပေးလိုက်တာ ဖြစ်တယ်။ Facebook ပေါ်က သင် ယုံကြည် စိတ်ချတဲ့ သူတွေကို only to 'friend' အဆင့်မှာ သတ်မှတ်ထားတာ ကောင်းမွန်တဲ့ အမူအကျင့် တစ်ခု ဖြစ်ပါတယ်။

  • အကောင့်ကနေ sign out လုပ်တဲ့အခါတိုင်း သင့်ရဲ့ အကောင့်ကို de-activate လုပ်ထားဖို့ စဉ်းစားပါ။ ဆိုလိုတာက အကောင့်ကို ပိတ်ထားခြင်းဖြင့် အော့ဖ်လိုင်းမှာ သင် ရှိနေတဲ့အခါ တခြား ဘယ်သူကမှ ကြည့်ရှုလို့ မရတာကို ဆိုလိုတယ်။ အကောင့်ထဲကို ပြန်ဝင်တဲ့အခါ အလိုအလျှောက် ပြန် reactivate လာမှာ ဖြစ်ပြီး settings အားလုံးဟာ မပြောင်းမလဲ အရင်အတိုင်း ဆက်ရှိနေမှာ ဖြစ်တယ်။

Facebook ပေါ်က privacy settings တွေကို နားလည်ဖို့ စတင် လေ့လာမဲ့ နေရာတစ်ခုကတော့ http://www.facebook.com/privacy/explanation.php ပေါ်ရှိ 'Controlling How You Share' စာမျက်နှာကနေ ဖြစ်တယ်

Twitter

Functions များ - အနေအထား Updates များ

Twitter ဟာ လက်ကိုင်ဖုန်း တစ်လုံးကနေ Updates တွေကို အင်တာနက်ပေါ် အက္ခရာ ၁၄၀ လုံး အကန့်အသတ်နဲ့ တင်ပို့နိုင်တဲ့ ဝန်ဆောင်မှုမျိုးကို လုပ်ဆောင်ပေးတယ်။ အဲဒါကြောင့်လည်း သူ့ကို 'အင်တက်နက်ပေါ် ပေးပို့တဲ့ SMS' လို့ ပြောကြတာ ဖြစ်တယ်။ Twitter ကနေ သင် တကယ် သိကျွမ်းတဲ့ သူတွေမဟုတ်ပဲ၊ သင် စိတ်ဝင်စားနေတဲ့ သူတွေနောက်ကို လိုက်သွားနိုင်တယ်။ ဆိုလိုတာက သင့်ရဲ့ နောက်လိုက်တွေဟာ မိတ်ဆွေအရင်းတွေ ဖြစ်နေစရာ မလိုဘူး၊ ဒါကြောင့် ပြစ်မှုနဲ့ ပါတ်သက်လာရင် ပိုပြီး အခက်အခဲ ရှိလာစေတာ ဖြစ်တယ်။ ဒါတွေကြောင့် လူတွေဟာ မမှန်တဲ့ အထောက်အထားတွေကို အသုံးပြုတာတို့၊ (သို့) ဖျောက်ဖျက်တာတို့ လုပ်တဲ့နေရာမှာ ပိုမို လွယ်ကူသွားစေပါတယ်။

Twitter အနေနဲ့ ဝန်ဆောင်မှု စည်းမျဉ်းတွေထဲမှာ ဖေါ်ပြထားတာကတော့ - “ဒီလိုင်စင် ခွင့်ပြုချက်အရ သင့်ရဲ့ တင်ပို့ချက်တွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တခြားသူတွေဆီ ပေးပို့ဖို့ ခွင့်ပြုထားတယ်။ ဒါပေမဲ့ သင်နဲ့ ပါတ်သက်တဲ့ အရာတွေကတော့ သင့်ကိုယ်ပိုင်ပဲ ဖြစ်တယ် - သင် တင်ပို့လိုက်တဲ့ အကြောင်းအရာဟာ သင့်ကိုယ်ပိုင်ပါပဲ။” (http://twitter.com/terms မှ ကိုးကားချက်)

Twitter ဟာ ကွန်ရက် စာမျက်နှာ တစ်ခု ဖြစ်ပေမဲ့၊ လူအတော်များများဟာ Twitter ကို စားပွဲတင် applications တွေဖြစ်တဲ့ Twitter clients တွေကနေ အဆက်အသွယ် လုပ်ဖို့ စီမံနေကြတယ်။ အကယ်လို့ Twitter client တစ်ခုကို အသုံးပြုတယ် ဆိုရင် ကွန်ရက်စာမျက်နှာကို လုံလုံခြုံခြုံ အဆက်အသွယ် လုပ်ဖို့ လိုတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နယ်မြေလုံခြုံရေး ဌာနက Twitter နဲ့ တခြား လူမှု ဆက်ဆံရေး ကွန်ရက်တွေကို စောင့်ကြည့်နေပြီး တခြား အစိုးရတွေကလည်း အလားတူ လုပ်ဆောင်ဖို့ အလားအလာများပါတယ်။

Twitter အကြောင်း သိကောင်းစရာများ

  • “Twitter ပေါ်မှာ ရေးသားတဲ့ စာတွေကို တစ်ကမ္ဘာလုံးကနေ တခဏအတွင်းမှာ မြင်နိုင်တယ်။ သင် Tweet လုပ်လိုက်တဲ့အတိုင်း မြင်ရမှာ ဖြစ်တယ်။” (http://twitter.com/terms ကနေ ကိုးကားထားတယ်။)

  • Twitter ပေါ်မှာ တင်ပို့သမျှဟာ လူထုဆီ ရောက်ရှိသွားတယ်၊ ဆိုလိုတာက သင့်ရဲ့ နောက်လိုက်တွေကသာ မဟုတ်ပဲ၊ လူတိုင်းက မြင်တွေ့နိုင်တယ်။ အကယ်လို့ အထိခိုက်မခံတဲ့ သတင်း အချက်အလက်ကို တင်ပို့တယ် ဆိုရင် သင့်ရဲ့ တင်ပို့ချက်တွေကို အကာအကွယ်ပေးဖို့ စဉ်းစားပါ။ tweets တွေကို ကာကွယ်တယ် ဆိုတာ သင့်ရဲ့ နောက်လိုက်တွေကပဲ မြင်နိုင်မှာကို ဆိုလိုတယ်၊ ဒါပေမဲ့ အဲဒီ နောက်လိုက်တွေကလည်း လွတ်လွတ်လပ်လပ် ပြန် tweet နိုင်တဲ့အတွက် လူသိရှင်ကြား ဖြစ်သွားနိုင်ပါတယ်။

  • အကယ်လို့ အရာရှိတွေ (သို့) အစိုးရတွေကို ဝေဖန် ပုတ်ခတ်မယ် ဆိုရင် ကလောင်အမည် (သို့) အထောက်အထား အတု တစ်ခုခုကို သုံးစွဲဖို့ စဉ်းစားပါ။

YouTube

Functions များ - ဗွီဒီယို ဝေမျှခြင်း၊ အင်တာနက် အကြောင်းအရာကို ဝေမျှခြင်း

YouTube ကို Google က ပိုင်ဆိုင်ထားတယ်။ YouTube ပေါ်က သင့်ရဲ့ ဗွီဒီယိုကို ဘီလီယံနဲ့ ချီတဲ့ သုံးစွဲသူတွေက ကြည့်ရှုနိုင်တယ်။ ဒါပေမဲ့၊ အကယ်လို့ Google က လူတွေက သင့်ရဲ့ ဗွီဒီယိုကို မနှစ်သက်ဘူး ဆိုရင်၊ ပယ်ဖျက်လို့ ရတယ်။ ဆိုလိုတာက YouTube ဟာ ဗွီဒီယိုကို လုံလုံခြုံခြုံ သိမ်းထားဖို့ ကောင်းတဲ့ နေရာတော့ မဟုတ်ဘူး။ Google အနေနဲ့လည်း YouTube ထဲက အကြောင်းအရာတွေကြောင့် ဆင်ဆာ အပိတ်မခံရဖို့ အဲဒီ အကြောင်းအရာကို ဖယ်ရှားပစ်ဖို့ ဖိအားပေး လေ့ရှိတယ်။ ဒါကြောင့် အကယ်လို့ သင့်ရဲ့ ဗွီဒီယိုကို လူတွေ ကြည့်ရှုစေချင်တယ် ဆိုရင်၊ YouTube ပေါ်မှာ ကော်ပီ တစ်ခုကိုပဲ တင်ထားပါ - လုံလုံခြုံခြုံ သိမ်းထားချင်တဲ့ တစ်ခုတည်းသော ကော်ပီကို YouTube မှာ မတင်ပါနဲ့။

Google ဟာ ဗွီဒီယိုတွေ အားလုံးကို တင်ပို့နေကြတဲ့ သုံးစွဲသူ အမည်နဲ့ တည်နေရာကို ပြတဲ့ ဒေတာ နှစ်ရပ် စလုံးကို မှတ်တမ်း တင်ထားကြတယ်။ အဲဒါကို သုံးပြီး လူတစ်ဦးတယောက်ကို ခြေရာခံနိုင်တယ် -

YouTube ပေါ်မှာ တင်လိုက်တဲ့ ဗွီဒီယိုတွေဟာ သင့်ကိုယ်ပိုင် ဖြစ်တယ်၊ အဲဒါတွေကို YouTube ပေါ်မှာ တင်လိုက်ခြင်းဖြင့် Google ကို ဖြန့်ချိခွင့် လိုင်စင် အပ်နှင်းထားလိုက်တယ်။

စက်တင်ဘာ ၂၀၁၀ အရ၊ YouTube ကို တရုတ်၊ အီရန်၊ လီဘီယား၊ တူနီးရှားနဲ့ တာ့ခ်မင်နီစတန်တွေမှာ ပိတ်ဆို့ ခံခဲ့ရတယ်။

YouTube အကြောင်း သိကောင်းစရာများ -

  • လူတဦးတစ်ယောက်ရဲ့ ဗွီဒီယိုကို သူရဲ့ ခွင့်ပြုချက် မရပဲ မတင်ပို့ပါနဲ့။ သူက ခွင့်ပြုလိုက်ရင်တောင်၊ မတင်ခင် ဖြစ်နိုင်ချေ ဂယက်ရိုက်မှုတွေကို စဉ်းစားပါ။
  • Google/YouTube ကတဆင့် ဝေမျှလိုက်တဲ့ ဗွီဒီယိုတွေရဲ့ back-up ကော်ပီ တစ်ခုကို အမြဲတမ်း သိမ်းထားပါ။
  • ဗွီဒီယိုကို သီးခြား လူတစ်ဦးတယောက်ကိုပဲ ဝေမျှမယ် ဆိုရင် private setting ကို အသုံးပြုပါ။

Flickr

Functions များ - ဓါတ်ပုံ/ဗွီဒီယို ဝေမျှခြင်း၊ အင်တာနက် အကြောင်းအရာကို ဝေမျှခြင်း

Flickr ကို Yahoo က ပိုင်ဆိုင်တယ်။

Flickr မှာ တင်လိုက်တဲ့ အကြောင်းအရာဟာ သင့်ကိုယ်ပိုင်ပဲ ဖြစ်တယ်၊ အဲဒါကို creative commons licenses (သို့) မူပိုင်ခွင့်အနေနဲ့ မှတ်ယူနိုင်တယ်။ အကြောင်းအရာတွေကို တင်လိုက်ခြင်းဖြင့် Yahoo ကို ဓါတ်ပုံတွေ (သို့) ဗွီဒီယိုတွေကို ဖြန့်ဖြူးဖို့ ခွင့်ပြုချက် အပ်နှင်းလိုက်တာ ဖြစ်တယ်။

လိုင်စင် ခွင့်ပြုချက် အမျိုးမျိုးကြောင့်၊ Flickr ဟာ စည်းရုံးလှုံ့ဆော်ပွဲတွေမှာ အသုံးပြုမဲ့ ဓါတ်ပုံတွေကို ရှာဖွေဖို့နဲ့ လုပ်ဖော်ဆောင်ဖက်တွေ၊ မိတ်ဖက်တွေနဲ့ networks အဖွဲ့ဝင်တွေကို ဓါတ်ပုံတွေ ဝေမျှပေးရာမှာ အရင်းအမြစ်တစ်ခု အနေနဲ့ ရပ်တည်နေတယ်။

Flickr အကြောင်း သိကောင်းစရာများ

  • Flickr ဟာ ဒစ်ဂျစ်တယ် ကင်မရာ (metadata) နဲ့ မှတ်တမ်းတင်ထားပြီး ဖျောက်ထားတဲ့ အချက်အလက်တွေကိုပဲ ဖေါ်ပြတာ မဟုတ်ပဲ - နေ့စွဲ၊ အချိန်၊ GPS တည်နေရာ၊ ကင်မရာ မိုဒယ် စတာတွေလည်း ပါဝင်နိုင်တယ်။

  • Flickr ပေါ်မှာ လူတစ်ဦးတစ်ယောက်ရဲ့ ပုံကို ခွင့်ပြုချက် မရပဲ လုံးဝ မတင်ပါနဲ့၊ ဓါတ်ပုံ အားလုံးအပေါ် ပိုင်ဆိုင်မှုဟာ အဲဒီ ဓါတ်ပုံတွေအတွက် သင် ရွေးချယ် သတ်မှတ်လိုက်တဲ့ လိုင်စင် ခွင့်ပြုချက် အမျိုးအစားနဲ့ ကိုက်ညီနေဖို့ လိုတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နယ်မြေလုံခြုံရေး ဌာနက Facebook နဲ့ တခြား လူမှု ဆက်ဆံရေး ကွန်ရက်တွေကို စောင့်ကြည့်နေပြီး တခြား အစိုးရတွေကလည်း အလားတူ လုပ်ဆောင်ဖို့ အလားအလာ များတယ်။

အဆုံးသတ် မှတ်စု - တခြား ရွေးချယ်နိုင်တဲ့ ကိရိယာများ

ဒီအခန်းမှာ ဖေါ်ပြထားတဲ့ ကွန်ရက်စာမျက်နှာတွေဟာ အလွန် ရေပမ်းစားပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တဲ့ လူမှု ဆက်ဆံရေး ကိရိယာတွေ ဖြစ်တယ်။ အစိုးရက ဖြိုခွင်းလာရင် အဲဒီ ကွန်ရက် စာမျက်နှာတွေကို အရင် ပစ်မှတ်ထားပြီး ပိတ်ဆို့လာကြမှာ ဖြစ်တယ်။ အဲဒီ ကိရိယာတွေ အားလုံးကို ပုဂ္ဂုလိက ကုမ္ပဏီတွေက ပိုင်ဆိုင်ထားတဲ့အတွက်၊ လိုအပ်လာရင် အစိုးရတွေက ဖိအားပေးလာပြီး ဆင်ဆာ ဖြတ်တောက်နိုင်တယ်။ ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ တက်ကြွလှုပ်ရှားမှုအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ အောက်ပါ ကွန်ရက်စာမျက်နှာတွေ - Diaspora (http://joindiaspora.com) နဲ့ Crabgrass (http://we.riseup.net) ကို လေ့လာဖို့ သင့်တော်ပါတယ်။